ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း ညွှန်မှူး ဒေါက်တာ ထားထားလင်း အဖမ်းခံရ

2021-06-15
Share
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း ညွှန်မှူး ဒေါက်တာ ထားထားလင်း အဖမ်းခံရ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်း ကို တွေ့ရစဉ်
Photo CJ
အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်နေတဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်း ကို ဇွန်လ (၁၀) ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီက ဇွန်လ (၁၂) ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
 
စစ်ကောင်စီလက်အောက်ခံ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဇွန်လ (၁၂) ရက် သတင်းထုတ်ပြန် ချက်မှာ “ဒေါက်တာထားထားလင်း ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ကစပြီး ကျန်းမာရေးဝန်ကြီး ဌာနနဲ့ အဆက်အသွယ်ဖြတ်ကာ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း လက်ကျန်ငွေ ကျပ် ၁၆၂ သန်းနီးပါးကို ငွေစာရင်း ရှင်းလင်းခြင်းမရှိဘဲ CDM လုပ်သွားခဲ့တယ်၊ နောက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့တယ်”လို့ စွပ်စွဲထားပါတယ်။
 
ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ အဖမ်းခံလိုက်ရတဲ့ ဒေါက်တာ ထားထားလင်းရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရနိုင်ဖို့ RFA က ကြိုးစားနေဆဲ ဖြစ်ပါတယ်။
 
“ဒေါက်တာ ထားထားလင်း ဟာ ကိုယ်တိုင် CDM ဆရာဝန်အဖြစ် လုပ်ဆောင်ခဲ့တဲ့အပြင်၊ အခြား ကျန်းမာရေးဝန်ထမ်း CDM ဆရာဝန်တွေနဲ့ ဝန်ထမ်းတွေကို ဆက်သွယ်စည်းရုံးပြီး၊ CDM လှုပ်ရှားသူများ ပင်မအုပ်စုကို ဖွဲ့စည်းပြီးတဲ့နောက် မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ NUG နဲ့ ပေါင်းစပ်လှုပ်ရှားခဲ့တယ်” လို့လည်း စစ်ကောင်စီက စွပ်စွဲထားပါတယ်။
 
ဒါကြောင့် ဒေါက်တာ ထားထားလင်း ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ ဘုရားကုန်းမြို့မ ရဲစခန်းကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခဲ့ပြီးတဲ့နောက် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့မှာ ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ယောမင်းကြီး ရပ်ကွက်၊ နဝဒေးလမ်းဘေးမှာ ဖမ်းဆီး လိုက်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
 
ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်တစ်စုံတစ်ရာ သိနိုင်ဖို့အတွက် NUG ကျန်းမာရေးနဲ့ ပညာရေး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး ကို RFA ဝါရှင်တန်ဒီစီ ရုံးချုပ်ကနေ ကြိုးစားဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
 
ဒေါက်တာ ထားထားလင်း ဟာ NLD အစိုးရလက်ထက်၊ တစ်နိုင်ငံလုံး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့ နေချိန်မှာ ပြည်သူအားလုံး ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ဖို့အတွက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ညွှန်ကြားရေးမှူးအဖြစ် အဓိက တာဝန်ယူလုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။
 
ဖေဖော်ဝါရီ (၁) ရက် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ကိုရိုနာကပ်ရောဂါနဲ့ ပတ်သက်ပြီး ကာကွယ် ဆေးထိုးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ လူထုကို ကြေညာချိန်မှာ၊ ဒေါက်တာ ထားထားလင်းက “အဲဒီလုပ်ငန်း အားလုံးကို NLD အစိုးရလက်ထက်ကတည်းက စတင်စီမံထားတာဖြစ်ကြောင်း၊ စစ်ကောင်စီက အာဏာသိမ်း မှုကို ကာကွယ်တဲ့အနေနဲ့ ကိုဗစ်ကာကွယ်ဆေးနဲ့ လူထုကို စည်းရုံးနေတာဖြစ်ကြောင်း” ကိုယ်ပိုင် ဖေ့စ်ဘွတ် စာမျက်နှာကနေရော သတင်းမီဒီယာတွေကနေတဆင့်ပါ တစ်နိုင်ငံလုံးသိအောင် ပြောကြားခဲ့သူဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့