ဂျပန်သတင်းထောက် Yuki Kitazumi နောက်တစ်ကြိမ် အဖမ်းခံရ

2021-04-19
Share
ဂျပန်သတင်းထောက် Yuki Kitazumi နောက်တစ်ကြိမ် အဖမ်းခံရ ၂၀၂၁ ဖေဖော်ဝါရီ ၂၆ ရက်နေ့က အဖမ်းခံခဲ့ရတဲ့ ဂျပန်နိုင်ငံသား သတင်းထောက် Yuki Kitazumi ကို တွေ့ရစဉ်
Photo: Aung Ko

ရန်ကုန်မြို့မှာနေထိုင်တဲ့ ဂျပန်အလွတ်သတင်းထောက် Yuki Kitazumi ဟာ မနေ့ကညပိုင်းမှာ စစ်ကောင်စီ လက်နက်ကိုင်တွေက သူ့ရဲ့အိမ်ကိုလာပြီး ဖမ်းသွားတာကို ခံခဲ့ရတဲ့အကြောင်း ဂျပန်နိုင်ငံပိုင် NHK သတင်း ဌာနက မနေ့ကညပိုင်းမှာပဲ ထုတ်လွှင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်သံရုံးကလည်း Mr. Kitazumi ဘယ်မှာအဖမ်းခံထားရသလဲဆိုတာသိနိုင်ဖို့ ကြိုးစား ခဲ့ပေမယ့် အဆက်အသွယ်မရဘဲဖြစ်နေတယ်လို့ဆိုပါတယ်။ ဒါဟာ အချိန်တစ်လကျော်အတွင်း Mr. Kitazumi ဒုတိယအကြိမ် အဖမ်းခံရတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့တုန်းကလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ရန်ကုန်မြို့ မြေနီကုန်းက ဆန္ဒပြပွဲတွေကို သတင်းယူနေတုန်း စစ်ကောင်စီလက်နက်ကိုင်တွေက ရိုက်နှက်ပြီး ဖမ်းဆီးတာခံခဲ့ရပါသေး တယ်။ အဲဒီတုန်းကတော့ အချိန်၅နာရီလောက်ပဲအဖမ်းခံရပြီး နေ့ချင်းပြန်လွတ်ခဲ့ပါတယ်။

မနေ့ကညပိုင်း ရန်ကုန်က အိမ်မှာ အဖမ်းခံရတယ်လို့ သတင်းထောက် Mr. Kitazumiရဲ့ လက်ထောက်က အသိပေးတဲ့အကြောင်း AFP သတင်းမှာလည်းဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း သတင်းသမား ၆၅ ယောက်ကျော် အဖမ်းခံခဲ့ရပြီး အချို့ပြန်လွတ်လာပါတယ်။ လောလောဆယ် အနည်းဆုံး သတင်းလောကသား ၃၄ ယောက် အဖမ်းခံထားရတုန်းပဲလို့ ASEAN အသင်းကို အစီရင်ခံနေတဲ့ စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုကဆိုပါတယ်။

ဂျပန်အလွတ်သတင်းထောက် Yuki Kitazumi ဟာ ရန်ကုန်မြို့မှာ အခြေစိုက်ပြီး မှတ်တမ်းတင်ဗီဒီယို ထုတ်လုပ်မှု အပါအဝင် သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံခြားသားတွေထဲမှာ Mr. Kitazumi အပါအဝင် ငါးယောက်ထက်မနည်းရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့