သံဃာတော် ၁၈ ပါးကို စစ်ကောင်စီက ဖမ်းဆီးထား

အေးအေးမွန်(အော်စလို)
2021.06.10

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုလအထိ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ဆရာတော်၊ သံဃာတော် စုစုပေါင်း ၁၈ ပါး ရှိသွားပြီလို့ သံဃာတော်တွေ အရေးနဲ့ပတ်သက်ပြီး စာရင်းပြုစုထားတဲ့ ဓမ္မနဲ့ငြိမ်းချမ်းရေး လူမှုကွန်ရက်စာမျက်နှာက အခုလ ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ သံဃာတော်တွေကို ဖမ်းဆီးတာဟာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ သံဃာတော်တွေထဲမှာ အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းချိန် ဝင်ရောက်တားမြစ်တဲ့ ဆရာတော်တွေ၊ ဆန္ဒပြရာမှာ ကိုယ်တိုင်ပါဝင်တဲ့ ဆရာတော်တွေနဲ့ အာဏာသိမ်းပြီး နောက်ရက်မှာပဲ သီတင်းသုံးနေတဲ့ ကျောင်းတိုက်ကနေ အဖမ်းခံလိုက်ရတဲ့ ဆရာတော်တွေ ပါဝင်ပါတယ်။

မိုးကုတ်မြို့က ရေပူဆရာတော်နဲ့ ရဟန်းတစ်ပါးဟာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းမှုမှာ ဝင်ရောက်တားမြစ်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး ရွှေညဝါဆရာတော် ဦးပညာသီဟ၊ ဦးသောဘိတ (အလင်္ကာကြယ်)၊ မြဝတီမင်းကြီးဆရာတော် ဦးအရိယာဘိဝံသနဲ့ ဦးတေဇနိယ (မန်း တောင်ခြေ) တို့ဟာ အာဏာသိမ်းပြီးနောက် ကျောင်းတိုက်ကို လာရောက်ဖမ်းဆီးတာ ခံခဲ့ရတဲ့ ဆရာတော်တွေ ဖြစ်ပါတယ်။

"ကျောင်းကန်တွေ ဘယ်လိုတည်ပြနေနေ သူတို့ရဲစိတ်ထဲမှာ သာသနာနဲ့ ဘာသာက အသုံချခံလို့မြင်တယ်"

အမျိုး၊ ဘာသာကို ကာကွယ်တဲ့အစိုးရ ဆိုပြီး ပြောနေပေမဲ့ ရဟန်းသံဃာတော်တွေကို အခုလို ရိုက်နှက်ဖမ်းဆီး နေတာဟာ သူတို့ရဲ့အတွင်းသဏ္ဍန်မှာ ဘာသာနဲ့ သာသနာကို ကိုးကွယ်ဖို့မဟုတ်ဘဲ အသုံးချနေတာလို့ပဲ မြင်တယ်လို့ မန္တလေးမြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။

“ဘယ်လောက်ပဲ ရှေ့ကဟန်ပြ ဘုရားတွေတည်ပြနေနေ၊ ဘုန်းကြီးရဟန်းတွေ ဘာဘွဲ့တွေပဲ ကပ်ပြနေနေ နိုင်ငံရေးနဲ့ ပတ်သတ်တယ်ဆိုပြီး ရဟန်းတွေကို ရိုက်နှက်တယ်။ ကားနဲ့တိုက်ဖမ်းတယ်။ ကားပေါ်ရောက် တော့ ထိုးတယ်။ ဝိုင်းရိုက်တယ်။ ဒါတွေက ကျောင်းကန်တွေ ဘယ်လိုတည်ပြနေနေ သူတို့ရဲစိတ်ထဲမှာ သာသနာနဲ့ ဘာသာက အသုံချခံလို့မြင်တယ်။ တကယ်ကို ကိုးကွယ်တယ်၊ လေးစားတာမှန်တယ်ဆိုရင် ရဟန်း၊ သံဃာတွေရော၊ လူတွေရောကို နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ရိုက်နှက်တာတွေ၊ သတ်ဖြတ်တာတွေ လျော့ရမှာပဲ”

အခုလိုဖမ်းဆီးတာတွေ ဆက်လုပ်နေမယ်ဆိုရင် စစ်ကောင်စီအနေနဲ့ သူတို့ကိုးကွယ်တဲ့အရာဟာ ဘာသာလား၊ အာဏာလားဆိုတာ ကွဲပြားဖို့ လိုအပ်တယ်လို့လည်း ဆရာတော်တွေက မိန့်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရဟန်းသံဃာတွေအပါအဝင် လူပုဂ္ဂိုလ် ၅၀၀၀ ကျော် ပြန်လွတ်ရေးအတွက် အပြင်မှာ ရှိနေတဲ့ သံဃာငါးသိန်းကျော်နဲ့ သီလရှင်ခြောက်သောင်းကျော်မှာ တာဝန်ရှိတယ်လို့ ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က မိန့်ကြားပါတယ်။

“ထောင်ကျနေတဲ့သူတွေဟာ ဓမ္မအတွက်ကြောင့် ကျနေကြတာ။ တခြားအတွက်ကြောင့် မဟုတ်ဘူး။ မိမိတို့တစ်တွေကကော ဓမ္မအတွက် တိုက်ပွဲမဝင်သင့်ဘူးလား။ သပိတ်မှောက် အင်္ဂါထဲမှာ ရဟန်း သံဃာတွေကို လာဘ်မရအောင်ပြုခြင်း၊ ဆဲရေးခြင်း ဆိုတာပါတယ်။ အခုက ဆဲရေးရုံတင်မဟုတ်ဘူး၊ သတ်တာဖြတ်တာပါ ဖြစ်လာတယ်။ ဒီလိုအရေးအခင်းတွေကြုံရင် သပိတ်မှောက်ရမယ်လို့ပါတယ်။ တညီညွတ်တည်း သပိတ်မှောက်ကြမယ်။ သာရေး၊ နာရေးအားလုံ ပြတ်ဆဲတယ်။ မလွတ်မခြင်း၊ မတောင်းပန်မချင်း စစ်အာဏာရှင်တွေနဲ့ မပူးပေါင်းဘူးဆိုရင် အမြန်ဆုံး ပြန်လွတ်မှာပါ"

ရွှေညဝါဆရာတော် ဦးပညာသီဟ ဆိုရင် ဆေးရုံကဆင်းလာတဲ့အချိန်မှာ စစ်ကောင်စီက ဖမ်းဆီးသွားတာဖြစ်လို့ ဆရာတော်ရဲ့ ကျန်းမာရေးက စိတ်ပူစရာ ဖြစ်နေတယ်လို့ ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က မိန့်ကြားပါတယ်။

ရဟန်းသံဃာတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် နေ့စဉ်အပြင်ကိုထွက်ပြီး ဆန္ဒပြတာတွေကို အခုအချိန်အထိ ပြုလုပ်နေသလို ကျောင်းတိုက်အတွင်းမှာလည်း NUG အစိုးရကို ထောက်ခံကြောင်းနဲ့ အာဏာရှင်အစိုးရ အလိုမရှိကြောင်း ညစဉ်ပရိတ်ရွတ်ပြီး ဆန္ဒပြနေကြတာပါ။

masoeyein.jpg
(မန္တလေး မစိုးရိမ်တိုက်သစ်က သံဃာတွေ ကျောင်းတိုက်ရှေ့မှာ ပရိတ်ရွတ်မေတ္တာပို့နေစဉ်) Photo CJ

ပြီးခဲ့တဲ့ရက် ဇွန်လ ၁ ရက်နေ့က မန္တလေးမြို့က မစိုးရိမ်တိုက်သစ်မှာ ညအချိန် ငြိမ်းချမ်းစွာနဲ့ ပရိတ်ရွတ် ဆန္ဒပြနေတဲ့ သံဃာတော်တွေကို ကားလေးစီးနဲ့ ရောက်ရှိလာတဲ့ စစ်သားတွေက ဖမ်းဆီးဖို့ ကြိုးစားတာတွေ၊ ဆဲဆိုကြိမ်းမောင်း၊ ခြိမ်းခြောက်ပစ်ခတ်ခဲ့တာကြောင့် ဒီလိုလုပ်ရပ်တွေဟာ အဂါရဝ ဖြစ်စေတဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ မစိုးရိမ်တိုက်သစ်က နာယကအဖွဲ့က စာထုတ်ပြန်ကန့်ကွက်ခဲ့ပါတယ်။

စစ်ကောင်စီဘက်ကလည်း သူတို့အနေနဲ့ မစိုးရိမ်တိုက်သစ်အတွင်းမှာ ဆဲဆိုပစ်ခတ်တာတွေ မပြုလုပ်ခဲ့ဘူးလို့ နိုင်ငံပိုင်သတင်းစာတွေကနေတဆင့် ငြင်းဆို ရေးသားခဲ့ပါတယ်။

ဒီနှစ်အတွက် ပါဠိ ပထမပြန်စာမေးပွဲတွေကို စစ်ကောင်စီက ကျင်းပ ပြုလုပ်ပေးခဲ့ပေမဲ့ သံဃာတော်အများစုက ဝင်ရောက်ဖြေဆိုတာမျိုး မပြုလုပ်တဲ့ နည်းလမ်းနဲ့လည်း အာဏာရှင်ကို ဆန့်ကျင်နေကြတယ်လို့ ဆရာတော်တွေက မိန့်ပါတယ်။

ရဟန်းကျင့်ဝတ် ခြောက်ပါးထဲမှာ မကောင်းတာကို တားမြစ်ရမယ် ဆိုတာပါဝင်လို့ ရဟန်းတွေအနေနဲ့ နိုင်ငံရေးမှာ ပါဝင်နေရတာဖြစ်တယ်လို့ အရှင်တေဇနန္ဒက မိန့်ကြားပါတယ်။

“ဓမ္မနဲ့ အဓမ္မ တိုက်တဲ့တိုက်ပွဲ အမြန်ဆုံး နိဂုံးချုပ်စေချင်ပါပြီ။ ပြည်သူတွေလည်း လက်နက်မမျှတဲ့ စစ်အာ ဏာရှင်ကို တော်လှန်နေရတာဖြစ်တဲ့အတွက် အသက်တွေလည်း ရင်းကြရပါပြီ။ ဒါကြောင့် လက်ရှိ စစ်အာ ဏာကို ရူးမူးစွာ ဆုပ်ကိုင်ထားတဲ့ နောက်လိုက်တွေအနေနဲ့ ဆင်ခြင်သင့်ပါပြီ”

စစ်အာဏာရှင်လက်ထက်မှာ ဖမ်းဆီးခံလိုက်ရတဲ့ မိုးကုတ်ရေပူဆရာတော်ကို ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့် တရားစွဲဆိုပြီး တစ်လအကြာမှာ မိုးကုတ်မြို့နယ်တရားရုံးကနေ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တော်လှန်တဲ့ရဟန်း၊ စစ်အာဏာသိမ်းတာကိုလက်ခံပြီး အာဏာရှင်နဲ့ နီးစပ်တဲ့ရဟန်းနဲ့ အာဏာသိမ်းတာကို စိတ်မဝင်စားတဲ့ ရဟန်းဆိုပြီး သုံးမျိုးသုံးစား ကွဲပြားနေတယ်လို့ ရဟန်းသံဃာတွေက မိန့်ပါတယ်။

အာဏာရှင်ခေတ်အဆက်ဆက်မှာ ကိုယ်နဲ့အမြင်မတူတာကြောင့် ရဟန်းသံဃာတွေကို ဖမ်ဆီးနှိပ်စက် အကျဉ်းချတာဟာ မဖြစ်သင့်တဲ့ကိစ္စလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ကျနော်တို့နိုင်ငံ အာဏာရှင်အဆက်ဆက်လက်ထက်မှာ ထောင်သွင်းအကျဉ်းချခံရတဲ့ကိစ္စတွေမှာ သာမန် ကျောင်းသား ပြည်သူတွေသာမကဘဲ ရဟန်းသံဃာတွေပါ ထောင်သွင်းအကျဉ်းချခံရတယ်၊ တချို့သံဃာတွေ စစ်ကြောရေးမှာ ကျဆုံးသွားတဲ့သံဃာတွေရှိတယ်၊ ရဲဘက်စခန်းအပို့ခံရပြီး ကျဆုံးသွားတဲ့ သံဃာတွေ ရှိတယ်၊ အကျဉ်းထောင်ထဲမှာ ကျဆုံးသွားတဲ့ သံဃာတွေရှိတယ်၊ အခုလည်း ဒီသံဃာ ၁၈ ပါးကို အကျဥ်း ထောင်ထဲ ထည့်ထားတယ်ပေါ့နော်၊ မန္တလေးက ဆရာတော်တစ်ပါး ဆိုရင် အလင်္ကာကြယ်ဖြစ်မယ်၊ သူဆို လို့ရှိရင် ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ သူ့ကို တရားရုံးကလွှတ်ထားတဲ့အမှုနဲ့ ပြန်စွဲပြီး အဲဒီအမှုနဲ့ ထောင်ချ လိုက်တယ်လို့ ကျနော်တို့ကြားတယ်၊ ဒါမျိုးတွေက လုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ။”

သံဃာတော်ကို ဖမ်းဆီးထားတဲ့ကိစ္စအပေါ်  စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က မေးမြန်းဖို့ကြိုးခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တပ်မတော် သတင်းမှန် ပြန်ကြားရေးက အခုလ ၈ ရက်နေ့က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တစ်ခုမှာတော့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ ပြွန်ဦးကျေးရွာက ဝေနေယျသုခ ဘုန်းကြီးကျောင်းက ဥူးသာသန (လူအမည် ဦးသိန်းထွန်း)၊ ဥူးနန္ဒဝံသ (လူအမည် ဦးနိုင်လင်းအောင်) တိုနဲ့အတူ လူပုဂ္ဂိုလ် ၁၀ ယောက်ဟာ လက်လုပ် သေနတ်၊ အနက်ရောင်အင်္ကျီ ၃၄ ထည်၊ NLD တံဆိပ်ပါ အလံ၊ အင်္ကျီ၊ လက်ကိုင်စကားပြောစက်၊ ဆေးပစ္စည်းမျိုးစုံ၊ ဒီတိုနေတာ ၁၁၅ ခုတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။