စစ်ကောင်စီ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦး သတ်ဖြတ်ခံရ

စစ်ကောင်စီရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေဇင်ဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဖေဖော်ဝါရီလ ၁၃ ရက် မနက်ပိုင်းက သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ အသက် ၅၃ နှစ်အရွယ် ဦးငွေဇင်ကို ကလေးမြို့၊ ကျန်စစ်သားလမ်းပေါ်မှာ မြို့ပြပြောက်ကျားအဖွဲ့ဖြစ်တဲ့ Operation Mo Mo အဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဒီအကြောင်းကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဦးငွေဇင်ဆီကနေ သေနတ်တစ်လက်၊ ကျည်ဘောက်လေးခု၊ ကျည်ဆံတချို့၊ လက်ပစ်ဗုံးတစ်လုံး၊ မှန်ပြောင်းတစ်ခု၊ ကားတစ်စီးနဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရမိ ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအပြီး အရပ်သားလေးဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မနေ့က တောင်ဇလပ်ရပ်ကွက်မှာ ပစ်ခံရတာ။ အဲဒီ ပစ်ခတ်မူဖြစ်တဲ့နောက်ပိုင်း စစ်ကားနှစ်စီးနဲ့ စစ်ကောင်စီတပ်သားတွေ ရောက်လာတယ်။အနီးနားမှာရှိတဲ့သူ လေးဦးကို ခေါ်သွားတာတွေ့လိုက်တယ်။ စစ်ကောင်စီတပ်တွေက လုံခြုံရေး ပိုတင်းကျပ်လာတယ်"

ဖမ်းဆီးခံလိုက်ရတဲ့ အရပ်သားတွေနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဖေဖော်ဝါရီလ ၁၄ ရက်က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ဖေဖော်ဝါရီလအတွင်း ကလေးမြို့အနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကလေးမြို့ပြပြောက်ကျားတပ်ဖွဲ့အကြား နေ့စဉ်နီးပါး ပစ်ခတ်မှုတွေ ရှိနေပါတယ်။ ဖေဖော်ဝါရီ ၉ ရက်ကလည်း တောင်ဇလပ်ရပ်ကွက်မှာရှိတဲ့ ဆည်မြောင်းရုံးအနီးမှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း တိုက်ခိုက်မှုပေါင်း ၁၉,၄၄၄ ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီဝန်ထမ်းတွေအပါအဝင် ၅,၄၄၃ ဦး သေဆုံးပြီး ၄,၅၇၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒီနှစ် ဇန်နဝါရီလ ၃၁ ရက် ကာလုံအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။