ပုံနှိပ်တိုက်နှစ်ခုနဲ့ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခု လိုင်စင်ပိတ်သိမ်းခံရ

RFA Burmese
2024.11.14
ပုံနှိပ်တိုက်နှစ်ခုနဲ့ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခု လိုင်စင်ပိတ်သိမ်းခံရ ရန်ကုန်မြို့ ၃၇ လမ်း အောက်ဘလောက်မှ စာအုပ်ဆိုင်တစ်ချို့အား ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုနဲ့ ပုံနှိပ်တိုက်နှစ်ခုတို့ကို လိုင်စင်ရုပ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

Right ပုံနှိပ်တိုက်နဲ့ The Destiny Book House ပုံနှိပ်တိုက်တို့က ထုတ်ဝေတဲ့ “1500 Miles to you” နဲ့ “အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ” စာအုပ်နှစ်အုပ်မှာ ညစ်ညမ်းစာတွေ ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်ပင်ခဲ့တာပါ။

ဒီအပြင် ဒီစာအုပ်တွေကို ပုံနှိပ်သူနဲ့ ထုတ်ဝေသူတွေကိုလည်း ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေနဲ့ တရားစွဲ အရေးယူမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

"ရွှေနိုင်ငံ" စာပေနဲ့ပိုစတာဖြန့်ချိရေး လုပ်ငန်းကိုတော့ ထုတ်ဝေတဲ့စာအုပ်တွေကို မှတ်ပုံတင် စာရင်းရေးသွင်းဖို့နဲ့ မူပိုင်ခွင့်လုပ်ငန်း ဆောင်ရွက်ဖို့အတွက် ဝန်ကြီးဌာနကို ပေးပို့ရမှာ ပျက်ကွက်တဲ့အတွက် အရေးယူတာလို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ လိုင်စင်ပိတ်သိမ်းခံရတဲ့ လုပ်ငန်းတာဝန်ရှိသူတွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့အခြေစိုက် စာအုပ်ထုတ်ဝေရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကတော့ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းတွေမှာ တစ်ခါတစ်ရံ မှားယွင်းလေ့ရှိတဲ့ ဖြစ်ရပ်တွေကို ဖြေရှင်းခွင့်မရှိဘဲ လိုင်စင်ပိတ်သိမ်းတဲ့အထိ အရေးယူတာကြောင့် နစ်နာဆုံးရှုံးမှုတွေ များနေတယ်လို့ မှတ်ချက်ပြုပါတယ်။

“အခုလို ပိတ်ပိတ်နေတာတွေက ကျွန်တော်တို့လောကမှာ တစ်တိုက် ပိတ်လိုက်ပြီးဆို နောက်တိုက်တွေကလည်း မလုံခြုံသလို ခံစားရတယ်။ စာအုပ်တိုက်တွေက တော်သေးတယ်။ ပုံနှိပ်တိုက်တွေဆို ဆုံးရှုံးမှု ပိုများတယ်”

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကတော့ အခုလို လုပ်ဆောင်ရတာဟာ ထုတ်ပြန်ထားတဲ့ ဥပဒေ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာဖို့ ကြပ်မတ်ဆောင်ရွက်ရတာလို့ RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကတော့ နိုင်ငံရေးစာပေ ထုတ်ဝေပုံနှိပ်တဲ့ တိုးမြစ်စာအုပ်တိုက်နဲ့ လပြည့်လင်းပုံနှိပ် မီဒီယာတိုက်တို့ကို စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ထုတ်ဝေခွင့်တွေ ပိတ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စာပေမီဒီယာတွေ တိုက်တွေကို စစ်ကောင်စီက လိုက်ပိတ်နေတာ အရေအတွက် သုံးဆယ်ကျော် ရှိနေပြီလို့ စာပေထုတ်ဝေသူတွေနဲ့ ဖြန့်ချိသူတွေက ပြောပါတယ်။

ထုတ်ဝေခွင့်နဲ့ ပုံနှိပ်ခွင့် ပိတ်ခံလိုက်ရတဲ့သူတွေဟာ မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြုပြီးပဲဖြစ်ဖြစ်၊ နည်းပညာတစ်ခုခုကို အသုံးပြုပြီးပဲဖြစ်ဖြစ် ဘယ်လို စာပေအမျိုးအစားကိုမှ ပုံနှိပ်ထုတ်ဝေခွင့် မပြုရဘူးလို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။