ချင်းပြည်နယ်မှာ ဒုက္ခသည် ငါးသောင်းကျော်လာ၊ ရိက္ခာပို့မယ့် လမ်းကြောင်းတွေကို စစ်ကောင်စီ ပိတ်ဆို့ထား

စောဖိုးခွား(ဝါရှင်တန် ဒီစီ)
2021-06-13
Share

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်ကစတင်တဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်ထဲမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် ငါးသောင်းကျော်အထိ ရှိလာနေပြီလို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ဒုက္ခသည်တွေကို ရိက္ခာပို့မယ့်လမ်းကြောင်းကို စစ်ကောင်စီက ပိတ်ဆို့ထားတာကြောင့် စားရေးသောက်ရေး အခက်အခဲတွေဖြစ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ဒုက္ခသည် တွေ ထွက်ပြေးတိမ်းရှောင်နေတဲ့နေရာတွေထိ ပစ်ခတ်တာတွေရှိနေတယ်လို့ဆိုကြပါတယ်။

တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တဲ့ မင်းတပ်မြို့ တစ်မြို့တည်းမှာတင် ဒုက္ခသည်သုံးသောင်းကျော် ရှိပါတယ်။ သူတို့တွေဟာ ဘေးလွတ်ရာတောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ အထောက်အပံ့ပစ္စည်းတွေ ပို့ဆောင်တဲ့လမ်းကြောင်းတွေကို စစ်ကောင်စီတပ်တွေကို ပိတ်ဆို့ထားတယ်လို့ မင်းတပ်မြို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

“မင်းတပ်မြို့ရဲ့ လူဦးရေ စုစုပေါင်းက ခြောက်သောင်းလောက်ရှိတယ်။ ခြောက်သောင်းထဲမှာ ကျွန်တော်တို့ ဘက်က လူဦးရေက သုံးသောင်းလောက်ရှိတယ်။ အဲဒီသုံးသောင်းလောက်ရှိတဲ့ လူဦးရေရဲ့ စားဝတ်နေရေး ထောက်ပို့လမ်းကြောင်းက ဝမ္မသူးလမ်းကြောင်းနဲ့ ရွှေအောင်သာလမ်းကြောင်း နှစ်ကြောင်းရှိတယ်။ ဝမ္မသူး လမ်းကြောင်းက စစ်တပ်က ပိတ်ဆို့ထားတယ်။ ရွှေအောင်သာလမ်းကြောင်းကလည်း လေးလမ်းဆုံဖြစ်တဲ့ နေရာမှာ ပိတ်ဆို့ထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့ ထောက်ပို့လုပ်ငန်းတွေကို မလုပ်နိုင်တော့ဘူး။ စားဝတ်နေရေးအတွက် ဆန်တွေပါမယ်ဆိုရင် အဲဒီလမ်းကြောင်းကို ဖြတ်လို့မရဘူး။ လမ်းတွေကို ဒလံတွေ သတင်းပေးချက်အရ စစ်ကောင်စီတပ်ကလည်း ပိတ်ဆို့ထားပြီးမှ ကျွန်တော်တို့ရဲ့ စားဝတ်နေရေး လုံးဝ အခက်အခဲဖြစ်အောင် အာရုံစိုက်ပြီးတော့မှ လုပ်လာတာတွေ့ရတယ်။ အနာဂတ်အတွက် ကျွန်တော်တို့ရဲ့ ကျေးရွာ၊ ကျွန်တော်တို့ရဲ့ လူမျိုး၊ ကျွန်တော်တို့ရဲ့ လူထုအတွက် ဘယ်လိုမှ၊ ဘာမှပို့လို့မရဘူး။ ဘာမှလည်း ချိတ်ဆက်လို့မရအောင် လမ်းကြောင်းတွေကို အကုန်လုံးပိတ်ထားတာဖြစ်တဲ့အတွက် အန္တရာယ်ကတော့ ပိုဆိုးလာတဲ့ အနေအထားမျိုးမှာ ရောက်နေတယ်။”

ဒီရက်ပိုင်းအတွင်းမှာလည်း ချင်းပြည်နယ်မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် တောတောင်တွေထဲ ပုန်းရှောင်နေရတဲ့ ဒေသခံတွေအတွက် နေထိုင်ရေး အတော်ခက်ခဲနေတယ်လို့ ရှောင်တိမ်းနေရတဲ့ ဒေသခံ တွေက ဆိုပါတယ်။

"ကျွန်တော်တို့ရဲ့ စားဝတ်နေရေး လုံးဝအခက်အခဲဖြစ်အောင် အာရုံစိုက်ပြီးတော့ လုပ်လာတာတွေ့ရတယ်"

မင်းတပ်မြို့ပေါ်ကနေ ကျေးရွာတွေကို ထွက်ပြေးလာတဲ့ ဒေသခံတွေခိုလှုံနေရတဲ့ စခန်းတွေဆီ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေရှိလာပြီး အခုဆိုရင် အဲဒီနေရာတွေကို စစ်ကောင်စီတပ်က တပ်စွဲထားလို့ နောက်ထပ်ဘေးလွတ်ရာတွေဆီ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မင်းတပ်မြို့ပေါ်ကနေ ရောက်လာတဲ့စစ်ဘေးရှောင်တွေက နီးစပ်ရာကျေးရွာတွေကိုရောက်တယ်။ အဲဒီနီးစပ်ရာကျေးရွာတွေကို စစ်တပ်က အင်အားသုံးဖြိုခွင်းတဲ့ဟာတွေ၊ အမြှောက်တွေနဲ့ တိုက်ခိုက် ဖျက်ဆီးတဲ့အခါကျတော့ အဲဒီကနေ ထပ်ဆင့်ထပ်ဆင့်ပြီးတော့ ကျွန်တော်တို့ ရွှေ့ပြောင်းပြီးတော့ ကျွန်တော်တို့ စစ်ဘေးရှောင်စခန်းတွေဖွင့်ပြီးမှ ကျွန်တော်တို့လှုပ်ရှားလာတယ်။ ကျွန်တော်တို့ မနေ့ တနေ့ကနေစပြီးတော့ ကျွန်တော်တို့ စစ်ဘေးရှောင်စခန်းအနေနဲ့ အတည်ထိုင်မယ်လို့ နေရာချထားတဲ့ နေရာတွေက အခုဆိုရင် စစ်တပ်တွေက အကုန်လုံးရောက်နေပြီး နေရာယူထားပြီ။ ကျေးရွာတွေမှာရှိတဲ့ လူဦးရေနဲ့ ကျွန်တော်တို့ မင်းတပ်မြို့ပေါ်ကနေလာတဲ့ စစ်ဘေးရှောင်လူဦးရေဟာ အကုန်လုံးကျေးရွာ တွေမှာလည်း ပြေးနေရတာဖြစ်တဲ့အတွက်ကြောင့် အခုဆိုရင် လူပေါင်း သုံးသောင်းဝန်းကျင်လောက် စစ်ဘေးရှောင်ဘဝရောက်နေပြီ။ နောက်ဆုံးကျတော့ ကျွန်တော်တို့က ပြေးရမယ့်ကျေးရွာမရှိတော့ဘူး။ နီးစပ်ရာတောတောင်တွေထဲ ပြေးလွှားနေရတယ်။”

ထန်တလန်မြို့မှာဆိုရင်လည်း ဇွန်လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ စစ်ကောင်စီတပ်နဲ့ ထန်တလန်မြို့ CDF အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ခွာဟရိန်းတောင်ကြောမှာ စစ်တပ်ကတပ်စွဲထားတာကြောင့် အဲဒီနားက ရွာ ခုနစ်ရွာက ဒေသခံ တစ်သောင်းကျော်လောက် ထန်တလန်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ CDF အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

“စစ်ဘေးရှောင်အများစုကတော့ ထန်တလန်မြို့ဘက်ကို ဦးတည်ပြီးတော့ မြို့ဘက်မှာ အများစုကတော့ လာတယ်။ ကျွန်တော်တို့ CDF အဖွဲ့ဘက်ကလည်း တတ်နိုင်သလောက် ကူညီပေးနေပါတယ်။ အဲဒါကြောင့် ထန်တလန်မြို့ဘက်ကို လာခိုင်းတာပေါ့။ ခုနှစ်ရွာဝန်းကျင်လောက်ရှိတယ်။ အဲတော့ တိုက်ပွဲဖြစ်တဲ့နေရာ ကတော့ တိုက်ပွဲဖြစ်တဲ့ညမှာလည်း ထန်တလန်ဘက်ကို ထွက်ပြေးလာတဲ့သူတွေရှိတယ်။ အခုကလည်း ပစ်ခတ်တိုက်ခိုက်တာတော့မရှိဘူး။ အဲလိုမျိုးသတင်းတွေကြောင့် လာတဲ့သူတွေလည်းရှိတယ်။ ၁၁ ရက် နေ့ကပေါ့။ သူတို့က ခွာဟရိန်းတောင်ကြောမဟုတ်ဘဲနဲ့ စစ်ကောင်စီတပ် တစ်ရာဝန်းကျင်ကတော့ ဒေသလွတ်တောင်စောင်းလို့ ကျွန်တော်တို့ အခေါ်အဝေါ်နဲ့ပြောတယ်။ အဲဘက်မှာ ဦးတည်တယ်။ အဲတော့ ဟိုဘက်မှာ ခွာဟရိန်းတောင်ကြောမှာ ပစ်ခတ်သံကြားတော့ အဲဒီဦးတည်ချက်ကို ပြန်ပြောင်းပြီးမှ ဇွန်လ ၁၁ ရက်နေ့မှာ ခွာဟရိန်းတောင်ကြောမှာ ဦးတည်ချက်ပြောင်းလာတယ်။”

htantalan-refugees.jpg
(ထန်တလန်မြို့နယ် Khua Hrin Tlang ကျေးရွာက စစ်ဘေးရှောင်ပြည်သူများ) Photo CJ

ချင်းပြည်နယ်တောင်ပိုင်း ကန်ပလက်မြို့မှာဆိုရင်လည်း မေလ ၂၀ ရက်နေ့ကစပြီး CDF တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပေမယ့်လည်း ဒီရက်ပိုင်းအတွင်း စစ်ဘေးဒုက္ခသည်တွေ များပြားလာလို့ CDF အဖွဲ့ဘက်က ပစ်ခတ်တာတွေ ရပ်နားထားတယ်လို့ CDF အဖွဲ့ဝင်တွေက ပြောပါတယ်။

ဒါပေမဲ့လည်း စစ်ကောင်စီတပ်က ဒီရက်ပိုင်းတွေအတွင်း ညနေပိုင်းတွေမှာ မြို့ထဲကို သေနတ်နဲ့ပစ်ဖောက် တာတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်နေလို့ ဒေသခံတစ်ဦး ကျည်ထိမှန်ခဲ့ပြီး နေအိမ်နှစ်လုံးလည်း ပျက်စီးခဲ့တယ် လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“CDF က ကျွန်တော်တို့ ကန်ပလက်က ပြည်သူတွေကတော့ တိုက်ပွဲတွေခဏနားထားဖို့ ဆုံးဖြတ်ထား တယ်။ ဒါပေမဲ့ စစ်ကောင်စီကကျတော့ ညညတိုင်းကို ပစ်တာတွေရှိနေပါတယ်။ အခုလောလောဆယ် ထွက်ပြေးတဲ့ဦးရေက တော်တော်များနေပါတယ်။ မြို့ပေါ်မှာ ကျန်တာတဲ့သူ မရှိသလောက်ကို နည်းနေ ပါတယ်။ ထွက်ပြေးတဲ့အိမ်တွေကို အလုံးတိုင်းစီကို သူတို့ လိုက်ဖောက်ပြီး ပစ္စည်းတွေကို ခိုးယူနေပါတယ်။ အဲဒါ ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ တွေ့တာတွေလည်းရှိတယ်။ စစ်ကောင်စီ စစ်သားတွေက စစ်ဝတ်စုံ အပြည့်အစုံနဲ့ အိမ်တိုင်းလိုက်ပြီးဖောက်နေပါတယ်။ ပစ္စည်းတွေခိုးယူတာတွေရှိတယ်။ မနေ့တနေ့ကဆိုရင် အိမ်တစ်အိမ်ကိုဖောက်ပြီး ကွန်ပျူတာနှစ်လုံး ယူသွားတယ်၊ အထိုင်ဖုန်းတွေရော ယူသွားတယ်။ ပြီးလို့ရှိရင် ပြည်သူတွေက လုံးဝမပစ်ဘဲနဲ့ သူတို့ဘာသာသူတို့ ညနေတိုင်းညနေတိုင်း သေနတ်တွေနဲ့ ပစ်ပါတယ်။ လက်နက်ကြီး နှစ်လုံးနဲ့ပစ်တဲ့အတွက် အိမ်လည်း နှစ်အိမ်ပျက်စီးသွားပါတယ်။”

ကျေးရွာတွေထဲက ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ အဲဒီ လို ပစ်ခတ်နေတာတွေကြောင့် ကန်ပလက်မြို့က လူတစ်ထောင်ကျော်လောက်ဟာ ယောနယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဟားခါးနဲ့ မတူပီဘက်က လမ်းဘေးဝဲယာတလျှောက် ကျေးရွာတွေက ဒေသခံ ခြောက်ထောင်ကျော်လောက် ဟာလည်း တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ တောတောင်တွေထဲ ပုန်းအောင်းနေကြရတယ်လို့ CDF တပ်ဖွဲ့ ဝင်တွေက ပြောပါတယ်။

ချင်းပြည်နယ်ထဲမှာ အခုလိုစစ်ဘေးဒုက္ခသည်တွေ တစ်နေ့တစ်ခြား များပြားလာတာမို့ CDF တပ်ဖွဲ့ဝင်တွေဟာ ခုခံတော်လှန်ရေးပိုင်းရပ်နားထားကာ ဒုက္ခသည်တွေဆီ ရိက္ခာပို့ပေးဖို့အတွက် အားစိုက်နေရတယ်လို့ CDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ချင်းပြည်နယ်ထဲက လတ်တလောတိုက်ပွဲအခြေအနေနဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ပို့ဆောင်တဲ့ လမ်းကြောင်းတွေကို စစ်ကောင်စီက ဘာကြောင့်ပိတ်ဆို့ထားလဲဆိုတာ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့