ဖမ်းထားတဲ့ အရပ်သား ၆၀၀ ကျော်ကို အကြမ်းဖက်သမားတွေအဖြစ် စစ်ကောင်စီ စွပ်စွဲ

2021.06.11
ဖမ်းထားတဲ့ အရပ်သား ၆၀၀ ကျော်ကို အကြမ်းဖက်သမားတွေအဖြစ် စစ်ကောင်စီ စွပ်စွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံခဲ့ရသူ တစ်ဦးကို ရန်ကုန်မြို့မှာ ၂၀၂၁ ဖေဖော်ဝါရီ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: RFA

အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်တဲ့ အရပ်သား ၆၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ဇွန် ၁၀ ရက် မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်ပိုင် မြဝတီသတင်းဌာနရဲ့ ဇွန် ၁၀ ရက် ည ၈ နာရီသတင်းထုတ်ပြန်ချက်မှာ မီးရှို့သူ ၄၉ ဦး၊ လူသတ်သူ ၆၁ ဦး၊ တရားမဝင် လက်နက်ကိုင်ဆောင်သူ ၂၅၆ ဦးနဲ့ ဖောက်ခွဲရေးသမား ၂၇၂ ဦး စုစုပေါင်း ၆၃၈ ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်နက်ငယ် ၅၀၊ ကျည်မျိုးစုံ ၂၅၀၂ တောင့်၊ လက်လုပ်သေနတ် ၉၁၄ လက်၊ လက်လုပ်မိုင်းနဲ့ လက်လုပ်ဗုံး ၅၉၄၇ လုံးကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

အဲဒီဖမ်းဆီးရမိတဲ့ သတင်းအချက်အလက်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဆိုက်စာမျာနှာမှာလည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ ဖမ်းမိတဲ့ အကြမ်းဖက် သောင်းကျန်းသူတွေဟာ အုပ်ချုပ်ရေး ယန္တရားပျက်ပြားစေဖို့ ရည်ရွယ်တယ်လို့ စွပ်စွဲထားပြီး၊ အသတ်ခံလိုက်ရတဲ့ အုပ်ချုပ်ရေးမှူး ခြောက်ဦးရဲ့ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

အစိုးရ အုပ်ချုပ်ရေးယန္တရားကို ပျက်ပြားအောင်လုပ်တယ်ဆိုတာ မှားတယ်လို့ စစ်အာဏာရှင် ပြုတ်ကျရေး ဆန္ဒပြပွဲတွေမှာပါဝင်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးဒေသခံ လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။

“အစိုးရ အုပ်ချုပ်ရေးယန္တရားကို ပျက်ပြားအောင်လုပ်တယ်ဆိုတာ မှားတယ်။ ကျွန်တော်တို့က အစကတည်းက စစ်တပ်ကို အစိုးရလို့ မသတ်မှတ်ထားဘူး။ နောက်တစ်ခုက ပြည်သူတွေက လက်နက်မပါဘဲ လမ်းပေါ်မှာ ဆန္ဒပြနေတဲ့အချိန်တုန်းက စပြီးအကြမ်းဖက်ခဲ့တာက ဘယ်သူတွေလဲ။ အခုမှ ပြည်သူတွေက ကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့အဆင့်ပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ အကြမ်းမဖက်ကြပါဘူး။ ဖမ်းဆီးခံထားရတဲ့သူတွေကလည်း အကြမ်းဖက်သမားတွေ မဟုတ်ပါဘူး"

အကြမ်းဖက်မှုတွေ ကျူးလွန်လာအောင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တို့က ကိုယ်တိုင်ကျူးလွန်နေသလို တခြားသူတွေကျူးလွန်လာအောင် သွေးထိုးလှုံ့ဆော်တာတွေ လုပ်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲပါတယ်။

NUG ကာကွယ်ရေးဝန်ကြီး ဥ◌ီးရည်မွန် က “အကြမ်းဖက်လုပ်ရပ်တွေကို စစ်ကောင်စီ လက်နက်ကိုင်တပ်တွေကသာ ကျူးလွန်နေပြီး၊ လက်နက်မပါ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူလူထုကို ရဲနဲ့ စစ်တပ်က အကြမ်းဖက်သတ် ဖြတ်နေတာဖြစ်တယ်၊ တစ်နိုင်ငံလုံး အကြမ်းဖက်မှုတွေကို စစ်တပ်နဲ့ရဲက လုပ်ဆောင်နေပြီး CRPH ၊ NUG နဲ့ PDF တို့ကို အထင်မြင်လွဲအောင် ဖန်တီးနေတာဖြစ်တယ်လို့ RFA ကမေးမြန်းစဉ် ပြန်လည်ဖြေကြားခဲ့ဖူးပါတယ်။

နိုင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန် ၁၀ ရက် မနက်ပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်ကောင်စီက ဖမ်းဆီးထားသူ ၄၈၀၄ ဦးအထိ ရှိနေပြီး၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ပစ်ခတ်မှုတွေ အပါအဝင် စစ်ကြောရေးစခန်းတွေမှာ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် သေဆုံးသူ ၈၆၀ ဦး အထိရှိနေပြီလို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ စစ်တပ်ရဲ့ စာရင်းမှာတော့ သေဆုံးသူ ၃၀၀ ဝန်းကျင်သာရှိတယ်လို့ အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်အခြေစိုက် Phoenix သတင်းဋ္ဌာနနဲ့ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ အွန်လိုင်းကတဆင့် မေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။