ဘုရားသုံးဆူ တောင်စွန်းစခန်းတိုက်ပွဲ ဆက်ပြင်းထန်နေ

KNLA ပူးပေါင်းတပ်များနှင့် Lion Battalion Commando ဗျူဟာစစ်ကြောင်း တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
KNLA ပူးပေါင်းတပ်များနှင့် Lion Battalion Commando ဗျူဟာစစ်ကြောင်း တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (Lion Battalion Commando)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ တောင်စွန်းမှာ တပ်စွဲထားတဲ့ BGF စခန်းကို Lion Battalion Commando ဗျူဟာစစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်နေပြီး ၃ ရက်ကြာတဲ့ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ Lion Battalion Commando ဗျူဟာစစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့နေ့လယ်အထိ တိုက်ပွဲဆက်ဖြစ်နေသလို စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ အဓိကတိုက်ခိုက်နေ တယ်လို့ ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။

“ကျနော်တို့ BGF စခန်းနှစ်ခုကိုတော့ သိမ်းပြီးပြီ။ အခုကတော့ စစ်ကောင်စီစခန်း တစ်ခုကိုသိမ်းဖို့ တိုက်နေကြတယ်။ အကျအဆုံးကတော့ နှစ်ဖက်လုံးများတယ်။ လက်ရှိကတော့ လေယာဉ်ပစ်ကူတာ တရစပ်လာနေတယ်။ ကျနော်တို့ဘယ်လောက်ပဲ အသာစီးယူနိုင်ယူနိုင် လေယာဉ်လာရင် နောက်ပြန်ဆုတ်။ လေယာဉ်ကြောင့်ပဲ ကျနော်တို့ဘက်က အထိအခိုက်များနေတာပေါ့”

Lion Battalion Commando ဗျူဟာစစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်ဘက်က ခြောက်ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဆက်ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်နဲ့ BGF တပ်ဘက်က သေဆုံးထိခိုက်မှုနဲ့ပတ်သက်လို့ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ဒီတိုက်ပွဲကြောင့် ဒေသခံ ၁၅၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံလေးဦး ဗုံးစထိမှန်ဒဏ်ရာရထားသလို လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တချို့နဲ့ ဘုန်းကြီးကျောင်းဆောင်တစ်ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်က တံတားကျိုး စစ်ကောင်စီတပ်စခန်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး ကော့နွဲရွာထဲ လက်နက်ကြီးကျရောက်ခဲ့တာကြောင့် ဒေသခံတချို့သေဆုံးခဲ့သလို တစ်ထောင်ကျော် ထွက်ပြေးခဲ့ရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ စာရင်းအရ ကရင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ၉၁,၇၀၀ ကျော်ရှိပါတယ်။