စစ်ကောင်စီက နိုင်ငံတကာအသိအမှတ်ပြုမှုရဖို့ တောင်းဆို
2023.02.05

မြန်မာနိုင်ငံကို ပုံမှန်အခြေအနေပြန်ရောက်စေချင်ရင် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီက လုပ်ဆောင်နေတဲ့ နိုင်ငံတည်ငြိမ်ရေးနဲ့ ဒီမိုကရေစီဖြစ်ထွန်းရေး ကြိုးပမ်းမှုကို အသိအမှတ် ပြုဖို့လိုတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက နိုင်ငံအတွင်း အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုးပမ်းနေ တာဖြစ်တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ တာဝန်ရှိသူတချို့နဲ့ နိုင်ငံတချို့က မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးတိုက်တွန်းနေပေမယ့် တစ်ဖက်မှာတော့ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီရဲ့ကြိုးပမ်းမှုတွေကို ပြစ်တင်ဝေဖန်နေတာဟာ ရှေ့နောက်မညီဘူးလို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ stephane Dujarric က နိုင်ငံရေး အခွင့်အရေးကို ပြည်သူတွေအနေနဲ့ လွတ်လွတ်လပ်လပ်ကျင့်သုံးနိုင်တဲ့ အခြေအနေမရှိရင် ရွေးကောက်ပွဲလုပ်တာက မတည်ငြိမ်မှုတွေကို ပိုဆိုးစေနိုင်တယ်လို့ ဇန်နဝါရီလ ၃၁ ရက်မှာ ပြောဆိုခဲ့ပါတယ်။
ဒီအပြင် ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကလည်း စစ်ကောင်စီကို တရားမဝင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂရဲ့ အခြေခံမူတွေကို မလိုက်နာဘဲ ပြည်တွင်းရေးကို စွက်ဖက်နေတဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာရဲ့ ပြောဆိုမှုတွေကို ကန့်ကွက်တယ်လို့ တုံ့ပြန်ပါတယ်။
ကုလသမဂ္ဂ လက်အောက်ခံအေဂျင်စီတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရုံးခွဲတွေဖွင့်လှစ်ခွင့်ရ နေတာဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနိုင်ဖို့ လုပ်ဆောင်ခွင့်ပြုပေးထား တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးဖို့ အခြေအနေဆိုးရွားနေဆဲလို့ ဖေဖော်ဝါရီ ၂ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ UN OCHA ရဲ့စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေကြောင့် အရပ်သား ၁ ဒသမ ၂ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။