ရခိုင် မြို့နယ်ခြောက်ခုမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာလူမှုအဖွဲ့တွေ သွားလာမှုကို စစ်ကောင်စီ တားမြစ်

2022.09.16
ရခိုင် မြို့နယ်ခြောက်ခုမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာလူမှုအဖွဲ့တွေ သွားလာမှုကို စစ်ကောင်စီ တားမြစ် ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို ၂၀၁၉ ခုနှစ် မတ်လအတွင်းက တွေ့ ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်က မြို့နယ်ခြောက်ခုမှာ ကုလသမဂ္ဂအပါအဝင် INGO၊ NGO ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်း တွေရဲ့ လူသားချင်းစာနာမှုထောက်ပံ့ရေးအတွက် သွားလာခွင့်ကို စစ်ကောင်စီက စက်တင်ဘာလ ၁၅ ရက် မနေ့ကစလို့ ပိတ်ပင်တားမြစ်လိုက်တယ်လို့ အဲဒီအဖွဲ့အစည်းတွေက RFA ကို ပြောပါတယ်။

ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စတဲ့မြို့နယ်တွေကို သွားလာခွင့် ပိတ်ပင်တယ်ဆိုပြီး ရခိုင်ပြည်နယ် လုံံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနက စာနဲ့ အကြောင်းကြားလာတာလို့ အမည်မဖော်လိုတဲ့ နိုင်ငံတကာအဖွဲ့အစည်း ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

“မနေ့က နယ်လုံကနေ စာဝင်လာတယ်။ စာထဲမှာက ရခိုင်က မြို့နယ် ခြောက်မြို့နယ် ကို သွားလာခွင့် ကန့်သတ်တယ်ပေါ့နော်။ ဘယ်အချိန်ထိလဲဆိုတာလည်း စာထဲမှာမပါ ဘူး။ ပုံမှန်ဆိုရင်တော့ လုံခြုံရေးတို့ အကြောင်းပြချက်တွေ ပါတာပေါ့။ အခုစာထဲမှာ တော့ အကြောင်းပြချက်လည်း ရေးမထားဘူး။ အခြေခံအစားအသောက်တွေ ဖြန့်ဝေတာ တွေ မလုပ်ရဘူးလို့ပဲပါတယ်။ UN အေဂျင်စီတွေ၊ NGO၊ INGO တွေ အကုန်လုံးကိုပေါ့"

အဲဒီမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၉၊ ၂၀၂၀ ခုနှစ်တွေက စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်အများစု ခိုလှုံနေ ကြတာဖြစ်ပြီး ICRC၊ WFP နဲ့ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို အဓိကမှီခိုနေကြရတာပါ။

အခုနောက်ပိုင်း စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီကလည်း မထောက်ပံ့တော့တာ ကြောင့် အခုလို တားမြစ်ပိတ်ပင်ချက်ဟာ ဒုက္ခသည်တွေအတွက် အခက်အခဲတွေ ဖြစ်လာ စေနိုင်တယ်လို့ မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံ ဦးစိုးနိုင်က RFA ကို ပြောပါတယ်။

“ကျနော်တို့စခန်းမှာက ICRC က ထောက်ပံ့တာကိုပဲ အဓိကမှီခိုနေရတာ။ လူကယ်ပြန် ဌာနကလည်း အထက်က ခွင့်ပြုချက်မရဘူးဆိုပြီး မထောက်ပံ့တာ ခြောက်လကျော်ပြီ။ အခုတောင် အခက်အခဲဖြစ်နေကြတာ။ ဒီလိုသာ အထောက်အပံ့တွေကို ပိတ်ပင်လိုက်ရင် ဒုက္ခသည်တွေ ဆိုးဆိုးဝါးဝါးဖြစ်သွားမယ်”

အဲဒီ တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းမှာ ဒုက္ခသည်အိမ်ထောင်စု ၉၀၀ ကျော်နဲ့ လူဦးရေ လေးထောင်ကျော် ခိုလှုံနေကြတာပါ။

နိပွန်ဖောင်ဒေးရှင်းက ရခိုင်စစ်ဘေးဒုက္ခသည်တွေအတွက် စစ်ဘေးဒုက္ခသည်တစ်ဦးကို ဆန်တစ်အိတ်နှုန်းနဲ့ ဆန်အိတ်ပေါင်း ငါးသောင်းငါးထောင်ကျော် လှူဒါန်းထားတာကိုလည်း စစ်ကောင်စီက အခုအချိန်ထိ ဖြန့်ဝေခွင့် ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် လည်းဖြစ်၊ နိပွန်ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ မစ္စတာ ဆာဆာကာဝါ က ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံကို ရောက်ရှိလာစဉ်မှာ လှူဒါန်းခဲ့တာပါ။

အခုလို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို စစ်ကောင်စီ က ပိတ်ပင်တားမြစ် လိုက်တာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၉၊ ၂၀၂၀ ခုနှစ်တွေကတည်းက စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်စခန်း ၁၄၃ ခုမှာ ဒုက္ခသည် လေးသောင်းကျော် ခိုလှုံနေရဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့်လည်း ရသေ့တောင်၊ မြောက်ဦး၊ မောင်တော စတဲ့မြို့ နယ်တွေမှာ ဒုက္ခသည် တစ်သောင်းကျော် ထပ်မံထွက်ပြေးနေကြရပါ တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။