ကရင်ပြည်နယ် ဖာပွန်ခရိုင်က စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ တောင်သုံးလုံးတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေက ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲကို KNLA အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ PDF တပ်ဖွဲ့ဝင်တွေ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နဲ့ Force For Federal Democracy(FFD) ဒရုန်းတပ်ဖွဲ့တို့က ဝန်းရံပိတ်ဆို့ တိုက်ခိုက်ခဲ့တာလို့ NUG က သတင်းထုတ်ပြန်ပါတယ်။
ဒီတိုက်ပွဲအတွင်း ၁၂၀-မမ၊ ၈၁-မမ၊ လက်နက်ကြီးတွေ အပါအဝင် ခဲယမ်းအမြောက်အများကိုလည်း သိမ်းပိုက်ရရှိတယ်လို့ ဆိုပါတယ်။
ဒီတပ်စခန်းက ဖာပွန်နဲ့ ကတိုင်တိရွာကြား အင်အားရာနဲ့ချီရှိတဲ့ တပ်စခန်းဖြစ်ပြီး တစ်ပတ်ခန့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။
နိုဝင်ဘာလကတော့ ဖာပွန်ခရိုင်ထဲက စစ်ကောင်စီတပ်ရဲ့ ကူးဆိပ်စခန်းနဲ့ မထောစခန်းတို့ကို KNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့ပြီး အဲဒီလအတွင်း ဖာပွန်ခရိုင်မှာ တိုက်ပွဲပေါင်း ၄၃ ကြိမ်ဖြစ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားပါတယ်။