မောင်တော အမှတ် (၅ ) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကို AA သိမ်းပိုက်
2024.12.08
ရခိုင်ပြည်နယ်၊ မောင်တောမြို့အခြေစိုက် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ကို ဒီဇင်ဘာလ ၈ ရက် ဒီနေ့ မနက်မှာ သိမ်းပိုက်လိုက်ပြီလို့ အာရက္ခတပ်တော် (AA) ကထုတ်ပြန်ကြေညာပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကစလို့ မောင်တောမြို့က စစ်ကောင်စီ တပ်စခန်းတွေကို AA ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မောင်တော နခခ (၅ ) ဟာ တစ်ခုတည်းသော လက်ကျန်တပ်စခန်းဖြစ်ပါတယ်။
လနဲ့ချီကြာမြင့်တဲ့ မောင်တော နခခ (၅) တပ်စခန်း ထိုးစစ်ဆင်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းကနေ ပြင်းပြင်းထန်ထန် တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။
မောင်တော နခခ (၅) တပ်စခန်းသိမ်းပိုက်ပြီးချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နဲ့ လက်နက်ကိုင်တပ်တွေဖြစ်တဲ့ RSO၊ ARSA၊ ARA အဖွဲ့ဝင်တွေ ထွက်ပြေးသွားကြတယ်လို့လည်း AA က ပြောပါတယ်။
သူတို့တွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်အစပ် နတ်မြစ်တစ်လျှောက်မှာ စက်လှေ၊ မော်တော်ဘုတ်၊ လောင်းလှေတွေနဲ့ ထွက်ပြေးဖို့ ကြိုးစားနေတာကြောင့် ရခိုင်ပြည်နယ်ဘက်အခြမ်း နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှုတွေကို ဒီဇင်ဘာလ ၈ ရက် ဒီနေ့ကစလို့ အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း အမ်းမြို့နယ်ထဲက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်ခံတပ်ရင်း၊ တပ်ခွဲ ဆယ်ခုကို ထပ်မံသိမ်းပိုက်ထားကြောင်း ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်က စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) က မြို့ပေါင်း ဆယ်မြို့နယ်နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို ထိန်းချုပ်ထားပါတယ်။