ကျောင်းမအပ်တဲ့ မိဘတွေကို စစ်ကောင်စီ ဖိအားပေး

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ထိန်းကင်းကျေးရွာအုပ်စု အရှေ့ကမ်းကျေးရွာမှာ ကျောင်းအပ်သူ မရှိလို့ ပိတ်ထားရတဲ့ အလယ်တန်းကျောင်းကို ပြန်ဖွင့်နိုင်ဖို့အတွက် စစ်ကောင်စီက ဖိအားပေးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အဲဒီအလယ်တန်းကျောင်းမှာ ကျောင်းသား ၁၁၀ ကျော်ရှိပြီး၊ အဲဒီထဲက ကျောင်းအပ်တဲ့သူ ၂၂ ဦးသာရှိတဲ့ အပြင် ကျောင်းဆရာ၊ဆရာမ ၁၄ ဦးမှာလည်း ကိုးဦးက CDM လုပ်ထားတာကြောင့် ဒီကနေ့အချိန်အထိ ကျောင်းမဖွင့်နိုင်သေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ ကျောင်းသားမိဘတစ်ဥ◌ီးက RFA ကို ပြောပါ တယ်။

"ကျောင်းက ကျောင်းသားမရှိလို့ ပိတ်ထားတာ။ အဲဒါကို ပြန်ဖွင့်ဖို့ တစ်အိမ်တက်ဆင်း စာရင်းလိုက် ကောက်နေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ကျောင်းအပ်မှာ မဟုတ်ဘူး"

စစ်အာဏာသိမ်းမှုကို မလိုလားတဲ့အပြင် စစ်တပ်ရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ပညာရေးစနစ်ကို အယုံအကြည် မရှိတာကြောင့် ကျောင်းသားမိဘအများစုက သူတို့ရဲ့ကလေးတွေကို ကျောင်းမအပ်တာလို့လည်း သူက ပြောပါတယ်။

ဒါ့ကြောင့် ဟုမ္မလင်းမြို့နယ်၊ ထိန်ကင်းရွာမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်အမှုထမ်းနေတဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ အရှေ့ကမ်းကျေးရွာက စစ်တပ်ထောက်ခံသူ အရပ်သား လေးဦးတို့က မနေ့က ဇွန်လ ၁၃ ရက်နေ့မှာ ကျောင်းအပ်ကြဖို့အတွက် ကျေးရွာနေ ပြည်သူတွေနဲ့ ကျောင်းသားမိဘတွေကို တစ်အိမ်တက်ဆင်း လိုက်လံဖိအားပေးနေတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေက RFA ကို ပြောပြကြပါတယ်။