နိုင်ငံခြားငွေသုံးစွဲမှုကို ထိန်းသိမ်းဆောင်ရွက်နေရကြောင်း စစ်ခေါင်းဆောင် ပြော
2024.09.01
လက်ရှိအချိန်မှာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေသလို နိုင်ငံခြားငွေ လိုအပ်ချက်တွေလည်း ရှိနေတဲ့အတွက် နိုင်ငံခြားငွေ သုံးစွဲမှုကို ထိန်းသိမ်းဖို့ မူဝါဒချပြီး လုပ်ဆောင်နေရတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၁ ရက် ရန်ကုန်မြို့က စစ်ကောင်စီရဲ့ အစည်းအဝေးမှာ ပြောပါတယ်။
နိုင်ငံခြားငွေလိုအပ်ချက် များလာတာက ပြည်ပနဲ့ ဆက်သွယ်ဆောင်ရွက်မှု များလာတာကြောင့်ဖြစ်ပြီး ဒီလိုအပ်ချက်ကို ဖြေရှင်းနိုင်ဖို့ ပြည်ပရောင်းတန်းဝင်တဲ့ ထုတ်ကုန်တွေကို တိုးထုတ်ပြီး ပြည်ပကို တင်ပို့ရမယ်လို့ ဆိုပါတယ်။
စီပွားရေးကောင်းမှ နိုင်ငံရေးတည်ငြိမ်မှာဖြစ်လို့ နိုင်ငံစီးပွားရေးကောင်းဖို့အတွက် နိုင်ငံသားတွေအားလုံးမှာ တာဝန်ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
မြန်မာငွေတန်ဖိုး ကျဆင်းတာ၊ ကုန်ဈေးနှုန်းကြီးတာနဲ့ စစ်ကောင်စီရဲ့ စီးပွားစီမံခန့်ခွဲမှု အလွဲတွေကြောင့် မြန်မာ့စီးပွားရေးက ကျဆင်းနေတာလို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။
စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်းမှာ စစ်ရေးပဋိပက္ခနဲ့ စီးပွားရေး အကျပ်အတည်းတွေကြောင့် မြန်မာ့လူဦးရေ ၁၇ သန်းကျော်ဟာ ဆင်းရဲတွင်းထဲရောက်သွားပြီလို့ ကမ္ဘာ့ဘဏ် က ၂၀၂၄ ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။