အာဏာသိမ်းပြီးချိန်ကစပြီး နေရပ်စွန့်ခွာ ဒုက္ခသည် တစ်သိန်းကျော်ရှိဟု ကုလ ပြော

ရဲခေါင်မြင့်မောင်(ဝါရှင်တန် ဒီစီ)
2021.05.29
အာဏာသိမ်းပြီးချိန်ကစပြီး နေရပ်စွန့်ခွာ ဒုက္ခသည် တစ်သိန်းကျော်ရှိဟု ကုလ ပြော တောတောင်တွေမှာ ပုန်းအောင်းနေတဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင်က စစ်ပြေးဒုက္ခသည်များ။
Photo: Free Burma Rangers

စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား ဖြစ်ပွားတဲ့ ပဋိပက္ခတွေကြောင့် နေအိမ် စွန့်ခွာထွက်ပြေးရသူ တစ်သိန်းနှစ်သောင်းကျော်အထိ ရှိသွားပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က သောကြာနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အစပိုင်းလောက်ကတည်းကစပြီး စစ်ရေး ပဋိပက္ခတွေနဲ့ လုံခြုံမှုမရှိတဲ့ အခြေအနေတွေကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ပြည်သူ တစ်သိန်းကျော်လောက်ထိ ရှိသွားပြီလို့ မြေပြင်မှာ အလုပ်လုပ်နေတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေဆီကနေ သိရပါတယ်။ ဒီစစ်ပြေးဒုက္ခသည် အများစုဟာ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်ပိုင်းမှာ ဖြစ်လာ တာပါ။ အခုအပတ် စောပိုင်းမှာပဲ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက ကယားပြည်နယ်မှာ မြန်မာ စစ်တပ်နဲ့ Karenni Army Karenni People Defense Force တပ်ဖွဲ့တွေနဲ့ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ပြေး ဒုက္ခသည် ၃၇၀၀၀ ကျော် ရှိလာပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းကလည်း ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်း ဒေသအချို့မှာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား တပ်ဖွဲ့အချင်းချင်းကြား ဖြစ်ပွားတဲ့ ပဋိပက္ခတွေကြောင့် ပြည်သူ ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။ အလားတူပဲ ချင်းပြည်နယ် အရှေ့တောင်ပိုင်းမှာလည်း ထောင်နဲ့ချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြပါတယ်။ မြန်မာနိုင်ငံမှာ အခုနှစ်အစပိုင်းမှာပဲ လူသားချင်း စာနာမှု အကူအညီလိုအပ်နေတဲ့ ပြည်သူ တစ်သန်းကျော်ရှိနှင့်ပြီးဖြစ်တဲ့အတွက် အခုအသစ်ပေါ်ထွက်လာတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် လိုအပ်ချက်တွေ ထပ်တိုးလာတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို ပဋိပက္ခဖြစ်ရာ ဒေသတွေကို အတားအဆီးမရှိ သွားရောက်ခွင့်ပြုဖို့ သက်ဆိုင်တဲ့သူအားလုံးကို တောင်းဆိုထားပါတယ်”

ဖေဖော်ရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်၊ ကရင်၊ ချင်း၊ ကယားနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတွေမှာ စစ်ရေးပဋိပက္ခတွေ တိုးလာနေပြီး၊ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း၊ ထိုင်းနိုင်ငံ နယ်စပ် တစ်လျှောက်မှာ စစ်ပြေးဒုက္ခသည် ၈၅၉၀၀၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၁၅၀၀၀ နဲ့ ကချင်နဲ့ ချင်းပြည်နယ် တွေမှာ နှစ်သောင်းကျော်စီရှိတယ်လို့လည်း UNHCR အဖွဲ့ရဲ့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က စပြီး၊ ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းက ရွာတွေမှာ အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့ တိုက်ပွဲတွေ တစ်ကျော့ပြန် ဖြစ်ပွားနေ တာကြောင့် ဒေသခံ ပြည်သူ အမြောက်အများ နေအိမ်စွန့်ခွာ ထွက်ပြေးနေကြတာပါ။

အခုဆိုရင် ဒီတိုက်ပွဲတွေကြောင့် အနီးအနားမှာရှိတဲ့ ကျေးရွာပေါင်း ရှစ်ရွာလောက်က ဒေသခံ ၁၅၀၀ ကျော်လောက် နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ကယားပြည်နယ်မှာ ဆိုရင်လည်း တပ်မတော်နဲ့ ကရင်နီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေပြီး၊ ဒီးမော့ဆို မြို့နယ်မှာ မေလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ တပ်မတော်ဘက်က ပစ်ခတ်မှုတွေကြောင့် အရပ်သား ပြည်သူတစ်ဦး သေဆုံးပြီး၊ မြို့လူဦးရေ ငါးသောင်းလောက်ရှိတဲ့ အထဲက ၈၀ ရာခိုင်နှုန်းလောက်ဟာ နီးစပ်ရာ တော်တောင်တွေထဲ ထွက်ပြေးပုန်းရှောင်နေကြရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်မှာ ဆိုရင်လည်း ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်နယ်မြေ တွေမှာ တပ်မတော်နဲ့ BGF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ KNU တပ်ဖွဲကတွေအကြား မေလ ၂၂ ရက်ကနေ ၂၅ ရက်အတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကနေ အခုအချိန်အထိ ကရင်ပြည်နယ်မှာ နေအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် ခြောက်သောင်းလောက်အထိ ရှိသွားပြီလို့ ကရင် လူသားချင်းစာနာမှု ကူညီရေး အဖွဲ့တွေက ခန့်မှန်းထားပါ တယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ထွက်လာတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ် လိုအပ်နေပြီး၊ ဆေးဝါး၊ စားနပ်ရိက္ခာ၊ ခိုလှုံနေထိုင်စရာနေရာ၊ အရေးပေါ် ပြုစုကုသရေး အကူအညီ၊ ရေနဲ့ တကိုယ်ရေ သန့်ရှင်းရေးသုံး ပစ္စည်းတွေ လိုအပ်နေတယ်လို့ UNHCR ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။