အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့ဟာ ပြည်ပဖိအားတွေကြောင့် အာဆီယံပဋိညာဉ်ပါ အခြေခံမူတွေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေပြီး အစည်းအဝေးတစ်ခုမှာ အဖွဲ့ဝင်ခုံတစ်နေရာ လွတ်နေ ရင်တောင် အာဆီယံထိပ်သီး အစည်းအဝေး ခေါ်မရဘူးလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောပါတယ်။
ဩဂုတ်လ ၁၇ ရက် ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ (၁၉) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်း ပြောခဲ့တာပါ။
အာဆီယံပဋိညာဉ် အပိုဒ် (၇) မှာ အာဆီယံထိပ်တန်း အစည်းအဝေးအတွင်း အဖွဲ့ဝင်နိုင်ငံတွေရဲ့ အကြီးအကဲတွေ ဒါမှမဟုတ် အစိုးရအဖွဲ့ အကြီးအကဲတွေ ပါဝင်ရမယ်လို့ ဖော်ပြထားကြောင်း လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အာဆီယံပဋိညာဉ်ထဲမှာ အခုလို သတ်မှတ် ထားပေမယ့် ဘုံသဘောတူညီချက်တွေကို မလုပ်လို့ အခုလို ဖြစ်လာတာလို့ သုံးသပ်ပါတယ်။
"၂၁ ရာစုထဲမှာ အာဆီယံ အဖွဲ့အစည်းအနေနဲ့ ထူးခြားတဲ့ မြန်မာပြည်ရဲ့ အနေအထားကြောင့် ထူးခြားတဲ့ ဆက်ဆံရေးနဲ့ သဘောထားတွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။ အာဆီယံရဲ့ ဆုံးဖြတ်ချက် ငါးရပ်ကို တစ်နှစ်ကျော်တဲ့ တိုင်အောင် အကောင်အထည် မဖော်တဲ့အတွက် ဒီလိုဖြစ်လာတာပါ"
အာဆီယံဟာ နောက်ဆုံးကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာလည်း အာဏာသိမ်း စစ်ကောင်စီကို တက်ရောက်ခွင့် မပြုခဲ့ပါဘူး။
အလားတူ အာဆီယံအဖွဲ့ဝင် မလေးရှားနိုင်ငံကိုလည်း Covid-19 ကာလအတွင်း မလေးရှား နိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေကို လူ့အခွင့်အရေးနဲ့ နိုင်ငံရေး ရောယှက်ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာကြောင့် လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး စံချိန်စံညွှန်း နှစ်ရပ်လုံးမှာ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့နိုင်ငံလို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က ဝေဖန်ခဲ့ပါတယ်။
မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို အမြန်ဆုံး အဆုံးသတ်ဖို့ တိုက်တွန်း နှိုးဆော်မှုတွေ မကြာခဏပြုလုပ်နေတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။