မြေပုံမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်း ပိတ်ဖို့ တပ်မတော် ဖိအားပေး

ဝေယံမိုးမြင့်
2020.01.26
refugees-camp-destroyed-622.jpg တပ်မတော် စစ်ကြောင်းတစ်ခုက ဝင်ရောက်ဖျက်ဆီးခံခဲ့တဲ့ မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင်စခန်းကို ၂၀၂၀ ဇန်နဝါရီ ၂၅ ရက်နေ့က ‌တွေ့ရစဉ်
Photo: Thabawa Nadi's Facebook

မြေပုံမြို့နယ် စညှင်းကျေးရွာကို မနေ့ည ၁၀ နာရီလောက်က တပ်မတော် စစ်ကြောင်းတစ်ခု သေနတ်ပစ်ဖောက် ဝင်ရောက်လာခဲ့ပြီး စညှင်းကျေးရွာ ဘောလုံးကွင်းမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းကို ဖျက်သိမ်းဖို့ ဖိအားပေးစေခိုင်းခဲ့ပါတယ်။

စခန်းကိုဖျက်ပေးဖို့ ပြောဆိုကာ စခန်းအမိုးအကာတွေကို ဆွဲယူမီးရှို့ဖျက်ဆီးခဲ့တယ်လို့ စညှင်းကျေးရွာ ဒုက္ခသည်စခန်းတာဝန်ခံ ဦးဇင်း အာရက္ခက မိန့်ပါတယ်။Photo: U-Zin-Aryakha-350.jpg

"ရွာထဲကို သေနတ်ဖောက်ပြီး သူတို့က ဝင်လာကြတာ မြန်မာတပ်မတော်က ကယ်ဆယ်ရေးစခန်းကိုဝင်ပြီး အိမ်တွေဖြို အမိုးအကာတွေကို ဖျက်ဆီးပြီး ကားလမ်းမဘေးမှာ မီးရှို့ခဲ့တယ်။ ပြောခဲ့တာက ဒုက္ခသည်တွေကို မနက်ဖြန်ကြရင် မမြင်ချင်ဘူးလို့ ပြောခဲ့တယ်။"

စညှင်းဒုက္ခသည်စခန်းကို အခုလ ဇန်နဝါရီ ၁၇ ရက်နေ့လောက်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒုက္ခသည် ၃၇၅ ယောက် ခိုလှုံနေတာ ဖြစ်ပါတယ်။

စညှင်းကျေးရွာအနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အနီးအနားကျေးရွာတွေဖြစ်တဲ့ ဟင်းခရော်၊ ဆတ်ရ၊ အင်ကြင်းကျေးရွာတွေက စစ်ဘေးရှောင်သူတွေ လာရောက်နေကြတာဖြစ်ပါတယ်။

ဘာကြောင့် စခန်းကို ဖျက်ခိုင်းတယ်ဆိုတာ မသိရကြောင်းနဲ့၊ ဒုက္ခသည်စခန်းကိုဖျက်ပေးမှာ မဟုတ်ဘဲ တပ်မတော်သားတွေ ထပ်ရောက်လာရင် ဒုက္ခသည်တွေနဲ့ အတူရင်ဆိုင်ကြဖို့ ဆုံးဖြတ်ထားတယ်လို့ ဦးဇင်း အာရက္ခက မိန့်ပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက စညှင်းဒုက္ခသည် စခန်းဖျက်သိမ်းခိုင်းနေတာကြောင့် အခက်အခဲဖြစ်နေတဲ့ ဒုက္ခသည်တွေကို ကူညီနိုင်ဖို့ ကြိုးစားနေကြောင်း ပြောပါတယ်။ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC  အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း

"ကျွန်တော်တို့ ဆက်သွယ်စုံစမ်းနေတယ် လောလောဆယ် ပြောနိုင်ဆိုနိုင်သူ အဆက်အသွယ်မရသေးဘူး ကျွန်တော်တို့လဲ စစ်တွေရောက်နေတယ် ဒါပေမဲ့ အဲသတင်းက မှန်ပါတယ်။"

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက စခန်းဖျက်သိမ်းခိုင်းတာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ မသိရသေး ကြောင်းနဲ့ အဲဒီရွာအနီးမှာ တိုက်ပွဲတွေဖြစ်နေတာ သုံးရက်လောက် ရှိပြီလို့ ပြောပါတယ်။

"ကျွန်တော်ကတော့ အဲဒီဟာ မသိဘူးဗျ အဲဒီနေရာဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားနေတာတော့သိတယ်။ သုံးရက်လောက်ရှိပြီ တိုက်ပွဲဖြစ်နေတာ စညှင်းရဲ့ အရှေ့မြောက်ဖက်မှာ။"

စညှင်းကျေးရွာအနီးမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ရွာအနီးအနား  ကျေးရွာတွေအပြင် မြေပုံမြို့နယ်က ကမ်းထောင်းကြီး ဒုက္ခသည်စခန်းကို ထွက်ပြေးနေကြရတာတွေလည်း ရှိနေပါတယ်။

ရသေ့တောင်မြို့နယ် ရေပုတ်ကျေးရွာနဲ့ အနီးအနားက ကျေးရွာ လေးရွာလောက်ကို တပ်မတော်စစ်ကြောင်း ဝင်ရောက်နေထိုင်နေတာကြောင့် ဒေသခံ တစ်ထောင်ကျော်လောက်ဟာ နီးစပ်ရာ နေရာတွေကို ဇန်နဝါရီ ၂၄ ရက်နေ့ကစပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကျေးရွာထဲက စာသင်ကျောင်း ၊ ဘုန်းကြီးကျောင်းတွေမှာ တပ်မတော်သားတွေ ဝင်ရောက်နေထိုင်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတာလို့ ရေပုတ်ကျေးရွာက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ရေပုတ်အခြေအနေက မိန်းမတော့နည်းနည်းရှိတယ် ယောက်ျားတွေတော့အကုန်လုံးပြေးတာပဲ နီးစပ်ရာ လုံခြုံတဲ့နေရာကိုပြေးတာပဲ ရွာမှာက သူတို့က ခြိမ်းခြောက်တာတော့ မရှိသးဘူး သူကဝင်နေတယ် ချက်တယ်ပြုတ်တယ် စားတယ်သောက်တယ် ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေထဲမှာ ရွာထဲဝင်နေတာပဲ။"

ရခိုင်ပြည်နယ်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းခြောက်ထောင် ကျော်ရှိနေပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ REC က မနေ့က ထုတ်ပြန်ထားပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ စားနပ်ရိက္ခာ အခက်အခဲတွေရှိနေပြီး နေရာထိုင်ခင်း လုံလောက်မှု မရှိတဲ့ ပြဿနာတွေနဲ့လည်း ရင်ဆိုင်နေကြရပါတယ်။

ဒုက္ခသည်တွေထဲမှာ ကလေး၊ လူကြီး၊ ကိုယ်ဝန်ဆောင် စတဲ့သူတွေပါဝင်ပြီး သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်တွေအတွက် ငွေကြေးလိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ဒုက္ခသည်စခန်း တာဝန်ရှိသူတွေကပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP နဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC တို့ က စားနပ်ရိက္ခာ အကူအညီပေးနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။