ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီနေ့ ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ အကျဥ်းသား ၂၇၇ ဦး လွတ်မြောက်လာခဲ့ပါတယ်။ စစ်တွေအကျဥ်းထောင်ကနေ အမျိုးသား ၂၅၆ ဦးနဲ့ အမျိုးသမီး ၂၁ ဦးတို့ လွတ်မြောက်လာခဲ့တာပါ။
စစ်ကောင်စီလက်ထက် ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ပြည်ထောင်စုနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အဲဒီစစ်တွေ အကျဥ်းထောင်ကနေ အကျဥ်းသား ၂၃၂ ဦးကို လွှတ်ပေးခဲ့ပါတယ်။
အလားတူ မြစ်ကြီးနားမြို့မှာလည်း လွတ်ငြိမ်းသက်သာခွင့်နဲ့ ဒီကနေ့လွတ်လာမယ့်သူ ၅၀၀ ကျော်ရှိပါတယ်။ အဲဒီထဲမှာ ဆန္ဒပြသူတွေက အမှုရင်ဆိုင်နေဆဲဖြစ်လို့ မပါဘူးလို့ သိရတယ်လို့လည်း အကျိုးဆောင် အမှု လိုက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။
လက်ရှိမြစ်ကြီးနားမြို့မှာ ဆန္ဒပြတာကြောင့် အဖမ်းခံရသူ ၂၀၀ ခန့်ရှိနေပါတယ်။တစ်ချို့ကို ၅၀၅(က)နဲ့ တရားစွဲဆိုထားပြီး တစ်ချို့ကို သဘာ၀ဘေး/စီ ပုဒ်မ (၂၅) နဲ့ အမှုဖွင့်အရေးယူထားပါတယ်။