ရွှေအရောင်းအဝယ်လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် စစ်ကောင်စီသတ်မှတ်

RFA Burmese
2024.10.26
ရွှေအရောင်းအဝယ်လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် စစ်ကောင်စီသတ်မှတ် ရန်ကုန်မြို့မှ ရွှေဆိုင်တစ်ဆိုင်အား ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ရွှေအရောင်းအဝယ်လုပ်ငန်းတွေကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီရဲ့ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက အောက်တိုဘာ ၂၅ ရက် မနေ့က ထုတ်ပြန်ပါတယ်။

တစ်ချိန်တည်းမှာပဲ အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအတွက် လိုက်နာရမဲ့ အမိန့်ညွှန်ကြားချက်တွေကို ဆက်တိုက် ထုတ်ပြန်ပါတယ်။

အဲဒီအမိန့်တွေထဲ ရွှေဝယ်ယူရောင်းချသူတွေရဲ့ ကိုယ်ရေးအချက်လက်ကို အာဏာပိုင်တွေက အချိန်မရွေး စစ်ဆေးနိုင်တဲ့ ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်လည်း ပါဝင်ပါတယ်။

ရွှေရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်ရထားတဲ့ လူပုဂ္ဂိုလ် (သို့မဟုတ်) ကုမ္ပဏီတွေဟာ ရောင်းသူ ဒါမှမဟုတ် ဝယ်သူရဲ့ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကို အရောင်းအဝယ်ပြေစာတွေမှာ ပြည့်စုံစွာ ဖော်ပြရမယ်လို့ ဆိုပါတယ်။

အဲဒီအရောင်းအဝယ်ပြေစာတွေနဲ့ တစ်နေ့တာ အရောင်းအဝယ်စာရင်းတွေကို အနည်းဆုံးငါးနှစ် ထိန်းသိမ်းထားရမှာဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေက တောင်းယူတဲ့အခါ နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ပေးရမယ်လို့ အမိန့်စာမှာ ဖော်ပြပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေလုပ်ငန်းရှင်တစ်ဦးကတော့ ပြည်ပကနေ ဝင်လာတဲ့ရွှေတွေကို တားဆီးဖို့နဲ့ နိုင်ငံခြားငွေကို ကန့်သတ်ထိန်းချုပ်ဖို့ လုပ်တာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“ရွှေရဲ့ ပြည်တွင်းဝယ်လိုအားက ပြည်ပကနေ တင်သွင်းရတာဖြစ်တယ်။ အဲဒါကြောင့် လစဥ် နိုင်ငံခြားငွေ ထွက်နေတာရှိတယ်။ နိုင်ငံခြားငွေ ကန့်သတ်ထိန်းချုပ်ဖို့ ဒီလိုကန့်သတ်လိုက်တာလို့ နားလည်ရပါတယ်”

မနေ့ကထုတ်ပြန်လိုက်တဲ့ စစ်ကောင်စီရဲ့အမိန့်အရ ရွှေအရောင်းအဝယ်လုပ်သူတွေ မဖြစ်မနေ လုပ်ငန်းလိုင်စင် လျှောက်ထားရမှာဖြစ်ပြီး ပြင်ပမှာ အရောင်းအဝယ် လုပ်တာတွေလည်း အရေးယူမဲ့အခြေအနေ ဖြစ်လာနိုင်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်ကောင်စီကတော့ သတ်မှတ်ထားတဲ့အမိန့်တွေကို မလိုက်နာရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅) အရ အနည်းဆုံး ထောင်ဒဏ် ခြောက်လကနေ အများဆုံး ထောင်ဒဏ်သုံးနှစ်နဲ့ ကျပ်ငါးသိန်းထက်မပိုတဲ့ ငွေဒဏ်ချမှတ်မှုနဲ့ အရေးယူမယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေ လိုအပ်ချက်ရှိနေတဲ့ စစ်ကောင်စီဟာ နိုင်ငံခြားငွေ အသုံးပြုရတဲ့လုပ်ငန်းတွေကို ကန့်သတ်တင်းကျပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။