နေပြည်တော်က စစ်ကောင်စီလေတပ်ရဲ့ စစ်ရဟတ်ယာဉ်တစ်စီး ဇွန်လ ၁၅ ရက် ဒီနေ့မနက်ပိုင်း လေ့ကျင့်ပျံသန်းနေစဉ် ရုတ်တရက်စက်ချို့ယွင်းပြီး ပျက်ကျတဲ့အတွက် ရဟတ်ယာဉ်မှူး အပါအဝင် သင်တန်းသားတစ်ဦးပါ သေဆုံးသွားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
နေပြည်တော်ကနေ မိထ္ထီလာကို ပျံသန်းစဉ် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် လယ်ဒါကြီးရွာရဲ့ အနောက်ဘက် ငါးမိုင်အကွာမှာ ပျက်ကျခဲ့တာလို့ ဆိုပါတယ်။
ပျက်ကျတဲ့နေရာဟာ နေပြည်တော် လယ်ဝေးမြို့နယ်နဲ့ တောင်တွင်းကြီးမြို့နယ်အစပ် ပဲခူးရိုးမပေါ်မှာဖြစ်ပြီး စစ်တပ်က ကယ်ဆယ်ရေးတွေလာလုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ရုပ်အလောင်းတွေကို နီးစပ်ရာ စစ်ဆေးရုံထံ ပို့ဆောင်ဖို့လုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နေပြည်တော်အခြေစိုက် လေတပ်စခန်းတွေမှာ ဂျက်တိုက်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ်တွေ မကြာခဏ လေ့ကျင့်ပျံသန်းလေ့ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။