တစ်ရက်လုပ်အားခ ကျပ်တစ်ထောင်ထပ်တိုးဖို့ စစ်ကောင်စီ သတ်မှတ်

RFA Burmese
2024.08.11
တစ်ရက်လုပ်အားခ ကျပ်တစ်ထောင်ထပ်တိုးဖို့ စစ်ကောင်စီ သတ်မှတ် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် စက်ရုံအချို့မှာ အလုပ်လုပ်ရန်လာရောက်ကြသည့် ဝန်ထမ်းများအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်နေချိန် အလုပ်သမားတွေအတွက် အပိုထောက်ပံ့ကြေးအနေနဲ့ တစ်ရက်လုပ်အားခ တစ်ထောင်ကျပ်တိုးပေးဖို့ စစ်ကောင်စီရဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက သြဂုတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အနိမ့်ဆုံး တစ်ရက်လုပ်အားခ ၄၈၀၀ ကျပ်ကို တိုးမြှင့်သတ်မှတ်ပေးတာမျိုးမဟုတ်ဘဲ အပိုထောက်ပံ့ကြေးအနေနဲ့ ၂၀၂၃ ခုနှစ်မှာ တစ်ထောင်ကျပ်နဲ့ အခုတစ်ကြိမ်မှာ တစ်ထောင်ကျပ် ထပ်တိုးပေးဖို့ သတ်မှတ်လိုက်တာကြောင့် အလုပ်သမားတွေအနေနဲ့ တစ်ရက်လုပ်အားခ ၆၈၀၀ ကျပ်ရရှိမှာ ဖြစ်ပါတယ်။

အခုသတ်မှတ်ချက်ဟာ သြဂုတ် ၁ ရက်နေ့ကတည်းက စတင်အကျုံးဝင်ပြီလို့ ဆိုပါတယ်။

အခုလုပ်အားခ တိုးပေးတာက အာဏာသိမ်းပြီးနောက် အဆမတန် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေနဲ့ အခြေခံလူတန်းစားတွေရဲ့ အခက်အခဲကို မဖြေရှင်းနိုင်ဘူးလို့ ရန်ကုန်မြို့မှာရှိတဲ့ အထည်ချုပ် အလုပ်သမားတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ တိုးပေးလိုက်တာက ကိုယ်တစ်ယောက်အတွက်ပဲ စားနိုင်ရုံအခြေအနေလေးပဲ။ နောက်မိသားစုကို ပံ့ပိုးတာတွေ လှည့်ကြည့်တာတွေ လုပ်နိုင်မှာမဟုတ်ဘူး။ တစ်ဦးတစ်ယောက်အတွက် စားလောက်ရုံပါပဲ။ ပိုက်ဆံတစ်ထောင်က ကြက်ဥနှစ်လုံးစာပဲရှိတယ်။ အခု ကန်စွန်းရွက်တစ်စည်းကို ၈၀၀ ၊ ၁၀၀၀ ဖြစ်နေပြီ”

ဒီနေ့ အမေရိကန်ဒေါ်လာ ပြင်ပပေါက်ဈေးဟာ တစ်ဒေါ်လာကို ၆၁၀၀ ကျပ် ရှိတာကြောင့် လုပ်အားခ ထပ်တိုးလိုက်ပေမဲ့ အလုပ်သမားတွေရဲ့ တစ်ရက်လုပ်ခဟာ ဒေါ်လာနဲ့တွက်ရင် တစ်ဒေါ်လာကျော်ပဲ ရရှိတာလို့လည်း အလုပ်သမားတွေက ပြောပါတယ်။

လုပ်အားခ ထပ်တိုးပေးတဲ့ကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အလုပ်သမားတစ်ဦးရဲ့ တစ်ရက်အနိမ့်ဆုံးလုပ်ခကို ၄၈၀၀ ကျပ်အဖြစ် ၂၀၁၄ ခုနှစ် မေလမှာ သတ်မှတ်ခဲ့တာပါ။ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ ကုန်ဈေးနှုန်းတွေ သုံးဆနီးပါး မြင့်တက်ကြောင့် စားဝတ်နေရေးလည်း ပိုပြီးကျပ်တည်းလာတယ်လို့ အလုပ်သမားတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။