လေတပ်ကို ပြောင်းလဲတိုးတက်အောင်လုပ်ရမယ်လို့ စစ်ခေါင်းဆောင်ပြော

စစ်ကောင်စီ လေတပ်အနေနဲ့ တိုးတက်ပြောင်းလဲနေတဲ့ အခြေအနေတွေကို မျက်ခြည်မပြတ် လေ့လာသုံးသပ်ဆန်းစစ်ပြီး ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်နေရမယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

မိတ္ထီလာတပ်နယ်က လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့ကကျင်းပတဲ့ တပ်မတော် (လေ) တည်ထောင်တဲ့ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားမှာ စစ်ကောင်စီခေါင်းဆောင်က ပြောခဲ့တာပါ။

ကမ္ဘာတစ်လွှားဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာလည်း လေကြောင်းနဲ့ အာကာသစွမ်းအားဟာ စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကအရေးပါနေတာကို တွေ့ရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

လေကြောင်းစွမ်းအား သာလွန်ကောင်းမွန်တဲ့အခါ ရန်သူကို လွှမ်းမိုးထိန်းချုပ်ချေမှုန်းနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စိတ်ဓာတ်နဲ့ တိုက်ခိုက်စွမ်းရည် ပိုမိုအားကောင်းတိုးတက်တာကို တွေ့မြင်နေရတယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီလေတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ အရပ်သားတွေ နေထိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်တာတွေလုပ်နေကြောင်း စစ်ဘေးဒုက္ခသည်တွေနဲ့ နိုင်ငံရေးလှုပ်ရှားနေသူတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၃၀ ရက်နေ့အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့ အရပ်သား ၂၃၇ ဦးရှိခဲ့တဲ့အပြင် အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၄၇ ဦး ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လေကြောင်းရန်ကြောင့် ရခိုင်ပြည်နယ်မှာ ၈၈ ယောက်၊ ရှမ်းပြည်နယ်မှာ ၄၃ ယောက်နဲ့ အများဆုံး သေဆုံးခဲ့တယ်လို့လည်း ပြောထားပါတယ်။