ဖေဖေါ်ဝါရီ ၁ ရက်ကနေ ပြီးခဲ့တဲ့ဧပြီလကုန်ထိ သုံးလအတွင်းမှာ ပညာရေးနဲ့ သက်ဆိုင်တဲ့ ကျောင်းသူ ကျောင်းသားနဲ့ ဆရာဆရာမ စုစုပေါင်း လူ ၇၀ ခန့် အသတ်ခံခဲ့ရကြောင်း “ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဥ်ကျေးမှုအဖွဲ့” UNESCO က ဒီကနေ့ မေလ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
UNESCO Myanmar Project Office ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားတဲ့ ထုတ်ပြန်ချက်အရ၊ အာဏာသိမ်း မှုဟာ မြန်မာနိုင်ငံ ပညာရေးကဏ္ဍပေါ် များစွာသက်ရောက်ခဲ့ပြီး၊ ကျောင်းသူကျောင်းသားနဲ့ ဆရာဆရာမ ၇၀ အသတ်ခံခဲ့ရကြောင်း၊ ကျောင်းသူကျောင်းသား ဆရာ ဆရာမနဲ့ ပညာရေးဝန်ထမ်း ၈၄၀ ကျော် ဖမ်းဆီးခံထား ရကြောင်း ဖေါ်ပြထားပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်ကောလိပ် ၂၀ ခန့်က ဆရာဆရာမနဲ့ ပညာရေးဝန်ထမ်း ၁၇၀၀ ကျော် အလုပ်ထုတ်ခံထားရကြောင်း UNESCO ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
