စစ်ခေါင်းဆောင် တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဖို့ရှိနေ

RFA Burmese
2024.11.04
စစ်ခေါင်းဆောင် တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဖို့ရှိနေ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် NCA ကိုးနှစ်မြောက် နှစ်ပတ်လည်နေ့ မိန့်ခွန်းပြောကြားနေသည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ရစဉ်။
Myanmar Military

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မှာ တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ စစ်ကောင်စီက စစ်ကောင်စီက နိုဝင်ဘာ ၄ ရက် ဒီနေ့မှာ ထုတ်ပြန် အတည်ပြုပါတယ်။

ဒီခရီးစဉ်အတွင်း တရုတ်နိုင်ငံ ကူမင်းမြို့မှာ နိုဝင်ဘာ ၆ ရက်ကနေ ၇ ရက်အထိ နှစ်ရက်ကြာ ကျင်းပမဲ့ (၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို တက်ရောက်သွားမယ်လို့လည်း ဆိုပါတယ်။

ဒီအပြင် (၁၀) ကြိမ်မြောက် ဧရာ၀တီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးနဲ့ (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွေကိုလည်း တက်ရောက်သွားမယ်လို့ ဖော်ပြပါတယ်။

ဒီခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားဖို့ရှိတယ်လို့ စစ်ကောင်စီက ပြောပေမဲ့ ဘယ်သူတွေနဲ့ တွေ့ဆုံမယ်ဆိုတာကို အတိအကျ မဖော်ပြထားပါဘူး။

တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ ဒီခရီးစဉ်အတွက် စစ်ခေါင်းဆောင်ကို တရုတ်ဝန်ကြီးချုပ် လီချန်းက ဖိတ်ကြားတာလို့ RFA ကို ပြောပါတယ်။

“၅ ရက်နေ့မှာ လာမယ်လို့တော့ ပြောတယ်။ ဝန်ကြီးချုပ် လီချန်းက ဖိတ်တာ။ တခြား အစည်းအဝေးတွေလည်း ရှိနိုင်တာပေါ့။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ တချို့ခေါင်းဆောင်တွေလည်း ရောက်နေတယ်လို့တော့ ကြားပါတယ်”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံအနေနဲ့ ဖိတ်ခေါ် မှုအပေါ် ပြန်လည်သုံးသပ်ဖို့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ တိုက်တွန်းထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက် အဓိက မဟာမိတ် အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ ရုရှားနိုင်ငံကို သုံးကြိမ်တိုင် သွားရောက်ထားပြီး ၂၀၂၂ ခုနှစ်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင် နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံရဲ့ ခရီးစဉ်ဟာ စစ်ခေါင်းဆောင်အတွက် ဒုတိယမြောက် အဓိက မဟာမိတ် အင်အားကြီး နိုင်ငံတစ်ခုကို သွားရောက်တဲ့ ခရီးစဉ်တစ်ခုဖြစ်လာဖို့ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။