စစ်မှုထမ်း အကျုံးဝင်သူတွေ ပြည်ပအလုပ်အကိုင်သင်တန်း တက်ခွင့်မရ

RFA Burmese
2025.02.06
စစ်မှုထမ်း အကျုံးဝင်သူတွေ ပြည်ပအလုပ်အကိုင်သင်တန်း တက်ခွင့်မရ ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS-TOPIK) မှတ်ပုံတင်ကြေး လာရောက်ပေးသွင်းသူများအား ၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်နေ့က ဒဂုံမြို့သစ်မြောက်ပိုင်း၊ ပင်လုံခန်းမရှေ့တွင် တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက စစ်မှုထမ်းဖို့ အသက်အရွယ် အကျုံးဝင်တဲ့ အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့်ရဖို့အတွက် တက်ရောက်ရတဲ့ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းကို တက်ရောက်ခွင့် မပေးတော့ဘူးလို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ပြောပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၅ ရက်နေ့က ထုတ်ပြန်တဲ့ သင်တန်းတက်ရောက်ခွင့် မရတဲ့ အလုပ်သမား ၁၄၀ ကျော်ထဲမှာ လေးဆယ်ခန့်က စစ်မှုထမ်းအသက်အရွယ် ကန့်သတ်ချက်ကြောင့် ငြင်းပယ်ခံရတာလို့ ဆိုပါတယ်။

ဇန်ဝါရီလ ၂၃ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ ထွက်လာပြီးနောက် ဇန်ဝါရီလ ၃၀ ရက်နေ့အထိ စစ်မှုထမ်းအကျုံးဝင်သူတွေကို ဖြေလျှော့ပေးခဲ့ပေမဲ့ လက်ရှိမှာ တင်းတင်းကျပ်ကျပ် ဆောင်ရွက်လာတာလို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အခု အသက်ကန့်သတ်ချက်နဲ့ အကျုံးဝင်တဲ့သူတွေကို ဇန်နဝါရီ ၃၀ အထိတော့ ဖြေလျှော့ပေးထားတယ်။ အဲဒီ နောက်ပိုင်းဆိုရင်တော့ ရမှာမဟုတ်တော့ဘူး။ အခုစာရင်းပါလာတဲ့သူတွေကလည်း ဇန်နဝါရီ ၃၀ နောက်ပိုင်း စာချုပ်ချုပ်ထားတဲ့သူတွေ ဖြစ်မယ်”

ဒီသင်တန်းဟာ ပြည်ပကို တရားဝင်ထွက်ခွာအလုပ်လုပ်မဲ့ အလုပ်သမားတွေအတွက် စစ်ကောင်စီက မဖြစ်မနေတက်ရောက်ခိုင်းတဲ့ သင်တန်းဖြစ်ပြီး အခမဲ့ တက်ရောက်ရတာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကို သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ ပုဒ်မ - ၅၁ မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့ အမိန့်စာ ရရှိသူတွေဟာ စစ်မှုထမ်းဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ဖော်ပြထားပါတယ်။

အလားတူ ပုဒ်မ-၅၀ မှာလည်း ဆေးစစ်အောင်မြင်ပြီးသူတွေဟာ စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ပြုဖို့၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးဖို့၊ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားရင် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုမိန့်မရခင် ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ပြဋ္ဌာန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။