အနိုင်ရအမတ်တွေကို နိုင်ငံရေး ဆက်မလုပ်နိုင်အောင် စစ်ကောင်စီ ဖိအားပေး

ခင်ခင်အိ(ဝါရှင်တန် ဒီစီ)
2021.06.15

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ CRPH၊ NUG၊ PDF တို့နဲ့ အဆက်သွယ်ရှိ၊ မရှိ စစ်ဆေးပြီး၊ မရှိရင် ဝန်ခံကတိ လက်မှတ်ထိုးခိုင်းတာမျိုးလုပ်ဖို့ ပြည်ထဲရေး ဝန်ကြီးဌာနက လျှို့ဝှက်စီစဉ်နေပါတယ်။

တိုင်းနဲ့ပြည်နယ် အသီးသီးမှာရှိတဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLDနဲ့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေကတော့ စစ်ကောင်စီရဲ့ ဖိအားပေးမှုကို လက်မခံဘဲ ဆန့်ကျင်သွားမယ်လို့ ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၁၁ ရက် ရက်စွဲနဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံ ပေးပို့တဲ့ လျှို့ဝှက် ညွှန်ကြားစာမှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၂၁၃၄ ဦးကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့နဲ့ အဆက်အသွယ်ရှိ၊ မရှိ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ရှိတဲ့ မြို့နယ် ထွေအုပ်တွေက ခေါ်ယူမေးမြန်းပြီး ပတ်သက်မှုမရှိရင် ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်းဖို့ ညွှန်ကြားထားပါတယ်။

ဝန်ခံကတိ လက်မှတ်ထိုးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်း အတိအကျကို ပြည်ထဲရေးနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတွေထံ အမြန်ဆုံး ပေးပို့ဖို့လည်း အဲဒီ လျှို့ဝှက်ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကျောက်မဲမြို့နယ်၊ အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က CRPH တို့လို အဖွဲ့အစည်းတွေနဲ့ ပါဝင်ပတ်သက်မှု မရှိဘူးဆိုတဲ့ ကတိ ခံဝန်ချက်ကို ဇွန် ၁၄ ရက် မနေ့ကပဲ လက်မှတ်ရေးထိုးခဲ့တယ်လို့ RFA ကို အတည်ပြုပြောဆိုပါတယ်။

“စာကြောင်း နှစ်ကြောင်းပဲရှိတာ။ ၂၀၂၀ ကျောက်မဲမြို့နယ် မဲဆန္ဒ (၂) မှာ အနိုင်ရထားတဲ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ် အနေနဲ့ အခု CRPH၊ NUG၊ PDF တို့ကို ပါဝင်ပတ်သက်မှု မရှိကြောင်း လက်မှတ် ရေးထိုးအပ်ပါတယ်။ ဒါပဲ။ ကျွန်တော်တို့ကတော့ ဘာမှကိစ္စမရှိဘူး။ မပါတာကို မပါတဲ့ အကြောင်း ထိုးတာကိုး။ တစ်ခုသတိထားမိတာက ဒီရွေးကောက်ပွဲက တရားမဝင်ပါဘူး။ ကိုယ်စားလှယ် ဖြစ်ခွင့် မရှိပါဘူးဆိုပြီး စစ်အစိုးရကနေ ကြေညာထားတယ်။ အခုကျတော့ ဒီအနိုင်ရ ကိုယ်စားလှယ်တွေကို မပတ်သက်ပါဘူးဆိုပြီး ပြန်ထိုးခိုင်းပါလေရော။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲ့ ကိစ္စကို၊ ပါတီနဲ့ ကိစ္စကို ထိခိုက်မှု မရှိဘူးဆိုရင် ကျွန်တော်တို့ အမှန်တရားလည်း ဖြစ်နေတယ်ဆိုရင် ကျွန်တော်တို့လည်း ဘာမှပြဿနာမရှိဘူး။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD နဲ့ USDP ပြီးရင် မဲဆန္ဒနယ် ၄၂ နေရာနဲ့ တတိယ မဲအများဆုံး အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

"CRPH၊ NUG၊ PDF တို့ကို ပါဝင်ပတ်သက်မှု မရှိကြောင်း လက်မှတ်ရေးထိုးအပ်ပါတယ်။ ဒါပဲ။"

ပြီးခဲ့တဲ့ မတ်လထဲမှာ ရခိုင်အမျိုးသားပါတီ ANP နဲ့ တခြားပါတီက အနိုင်ရလွှတ်တော် ကိုယ်စားလှယ်တွေကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက CRPH၊ NUG နဲ့ PDF အဖွဲ့တွေမှာ ပါဝင်ပတ်သက်မှု ရှိ၊ မရှိ မေးမြန်းခဲ့ ပေမယ့် လက်မှတ်ထိုးခိုင်းတာမျိုးတော့ မရှိသေးဘူးလို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ANP ပါတီကနေ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောပါတယ်။

"အခုချိန်ထိတော့ စာရောက်လာတာမျိုး မရှိသေးဘူး။ မတ်လလောက်က တစ်ခေါက် ပါတီတွေကို လှမ်း မေးတာ၊ ကျွန်တော်တို့ကိုလည်း လှမ်းမေးတာတော့ရှိတယ်။ CRPH နဲ့ အဆက်သွယ်ရှိလား မရှိလား ဆိုတာတွေကို လှမ်းမေးတယ်။ အများကြီးတော့ သိပ်မပြောချင်ဘူး။ ကျွန်တော်တို့ အနေနဲ့ကတော့ စောင့်ကြည့်တဲ့ အခြေအနေနဲ့ပဲ သွားရမှာပဲ။"

ရခိုင်အမျိုးသားပါတီ ANP ဟာ ပြီးခဲတဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အမတ်နေရာ ၁၅ နေရာနဲ့ စတုတ္ထမြောက် မဲအများဆုံး အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

ဝအမျိုးသားပါတီက ဟိုပန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညီပလုပ် ကလည်း စစ်တပ်က တောင်းနေတဲ့ ခံဝန်ကတိကို လက်မှတ်မထိုးရသေးပေမယ့်၊ ဖိအားအမျိုးမျိုးကြောင့် လက်မှတ်ထိုး ရရင် တောင်မှ ပြည်သူက တောင်းဆိုလာတဲ့အချိန်ကြရင် တစ်မျိုးတစ်ဖုံ ရပ်တည်သွားမယ်လို့ RFAကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ဟာ အာဏာတည်မြဲဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းဖို့ ရည်ရွယ်နေပြီး၊ ခံဝန်ကတိ မထိုးတဲ့သူတွေကို လိုက်ဖမ်းမယ့် အခြေအနေမျိုးမှာ ရှိနေတယ်လို့ တအောင်း(ပလောင်) အမျိုးသားပါတီ ရှမ်းပြည်နယ်၊ မန်တုံမြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မိုင်းနိုင်အောင်မိုး က ပြောပါတယ်။

စစ်ကောင်စီက ဘယ်လိုပဲ ခြိမ်းခြောက်မှုတွေ လုပ်လုပ်၊ စစ်အာဏာရှင် ဖြုတ်ချရေးအတွက် အတတ်နိုင်ဆုံး လုပ်ဆောင်သွားမယ်လို့ မိုင်းနိုင်အောင်မိုးက ပြောပါတယ်။

“ခုလောလောဆယ် ကျွန်တော်တို့ကတော့ ပြည်သူလူထုရဲ့ mandate ပေးထားတဲ့ အတိုင်းပဲ ဆက်လက် ရပ်တည်သွားဖို့တော့ ရည်ရွယ်ထားတာပေါ့။ အဓိက ကတော့ကျွန်တော်တို့ကို ၂၀၂၀ မှာ မဲပေးခဲ့ကြတဲ့ ပြည်သူတွေအတွက် တာဝန်ကျေပွန်အောင်တို့ ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်ကနေ အလုပ်အကျွေးပြုဖို့ ရည်ရွယ်ထားတယ်။ ကျွန်တော်တို့ အပြည့်အဝရယ်လို့ ထောက်ခံတယ်လို့လည်း မဟုတ်ဘူး။ ကန့်ကွက် တယ်လို့လည်း မဟုတ်ဘူး။ ကျွန်တော်တို့ထဲမှာလည်း ဒီ CRPH ဘက်မှာ လုပ်နေတဲ့သူတွေ ရှိတယ်။ အဓိက ကတော့သူတို့ကို ထောက်ပံ့ပေးနိုင်မယ့် ဟာကိုတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားပြီး ဆောင်ရွက်ပေးနေပါတယ်။”

တအောင်း (ပလောင်) အမျိုးသားပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD၊ USDP၊ SNLD နဲ့ ANP ပြီးရင် ပြည်ထောင်စုနဲ့ ပြည်နယ်လွှတ်တော်မှာ စုစုပေါင်း အမတ်နေရာ ၁၂ နေရာနဲ့ ပဉ္စမမြောက် မဲအများဆုံး အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လျှို့ဝှက်ညွှန်ကြားစာမှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမတ်တွေကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရပ်တည်ခွင့် မရှိသေးတဲ့ ပုဂ္ဂိုလ်တွေလို့ သုံးနှုန်းထားပြီး CRPH၊ NUG၊ PDFတို့နဲ့ ဆက်သွယ် ပတ်သက်မှုရှိရင် အရေးယူဖို့ ညွှန်ကြားထားပါတယ်။

၂၀၂၀ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူလူထုက တရားဝင် ရွေးကောက် တင်မြှောက် ထားတာ ဖြစ်ပြီး၊ စစ်ကောင်စီကတော့ အဓမ္မနည်းနဲ့ အာဏာသိမ်းထားတာမို့ လွှတ်တော်ကိုယ်စားလှယ် တွေကို CRPH ၊ NUG နဲ့ PDF တို့မှာ မပါဝင်ဖို့ အတင်းအကြပ် လက်မှတ်ထိုးခိုင်းတာ ဝန်ခံခိုင်းတာတွေကို လိုက်နာဖို့ မလိုဘူးလို့ ပါတီရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပြီးခဲ့တဲ့ ရက်ပိုင်းက တရားဝင် သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ တာဝန်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ မဖောက်မပြန် လူ့ဂုဏ်သိက္ခာနဲ့အညီ ရပ်တည်ကြိုးပမ်း အားထုတ်ရမယ်လို့လည်း အဲဒီ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

mdy-nld-campaign
(မန္တလေးတိုင်း အမရပူရမြို့နယ်မှာ ၂၀၂၀ စက်တင်ဘာ ၈ ရက်နေ့က NLD မဲဆွယ်ဆိုင်းဘုတ်တင်နေစဉ်)

NUG ကပဲ တရားဝင်အစိုးရ ဖြစ်တဲ့အတွက် NUG ၊ CRPH တို့နဲ့အတူ ထောက်ခံရ ပ်တည်သွားမယ်လို့ NLD ပါတီ၊ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟက RFAကို ပြောပါတယ်။

“CRPH နဲ့ အတူတူ ရပ်တည်တယ် NUG နဲ့လည်း ဆက်ပြီးရပ်တည်တယ်။ NUG သာလျှင် တရားဝင် အစိုးရ ဖြစ်တယ်။ NUG ကို ထောက်ခံတယ် စစ်အကြမ်းဖက်ကောင်စီကို မထောက်ခံဘူးလို့ ပြောတာနဲ့ ထောင်ထဲကို ခေါ်ထည့်မယ်။ အဖမ်းခံရမယ်။ ကိုယ့်ကိုမမိရင် အိမ်ကမိသားစုရော ပစ္စည်းတွေရော အကုန် ထိခိုက်မယ် အဲဒါဟာ ရင်ဆိုင်ရမယ်။ လက်မှတ်မထိုးရင်တော့ လွှတ်အောင်ပြေးတော့ပဲ။ သူတို့ပြောတဲ့ အတိုင်း လက်ခံမယ် လက်မှတ်ထိုး မယ်ဆိုရင်တော့ ကိုယ့်အိမ်ကိုနေလိုက်။ ကျွန်တော်တို့လည်း စဉ်းစား ပြီးသား။ မိရင်အသတ်ခံရမှာ။”

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းနဲ့ပြည်နယ် လွှတ်တော်နဲ့ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အပါအဝင် စုစု‌ပေါင်းမဲဆန္ဒနယ် ၁၁၁၇ ခုရှိတဲ့အနက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က မဲဆန္ဒနယ် ၉၂၀ မှာ ပထမ မဲအများဆုံးနဲ့ အပြတ်အသတ် အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ခိုင်းစေမှုကို မလိုက်နာရင် လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးပါတီတွေ အနေနဲ့ နိုင်ငံတော်ပုန်ကန်မှုနဲ့တောင် အရေးယူခံရနိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။

"စစ်ကောင်စီဘက်ကတော့ ပြတ်ပြတ်သားသား ဖြစ်ရမယ်ဆိုတဲ့ အမြင်နဲ့ ဒါကို လက်မှတ်ထိုးခိုင်းတာ ပေါ့နော်။ သူတို့ကို ထောက်ခံရမယ်၊ သူတို့ကို ကူညီရမယ်ဆိုတာမျိုး ထိတော့ မတောင်းဆိုဘူး။ NUG၊ CRPH တို့နဲ့ ပတ်သက်ဆက်ဆံမှု ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ပြီးတဲ့အခါ၊ နောက်လာမယ့် ရွေးကောက်ပွဲမှာ ဒီလွှတ်တော် ကိုယ်စားလှယ်တွေက NLD ဖျက်သိမ်းခံလိုက်ရတယ်ဆိုရင် တခြားပါတီက ပါဝင်နိုင်မှုမရှိအောင် ဆောင်ရွက်တယ်လို့ ထင်တယ်။ ဒီလူတွေကို ဥပဒေငြိစွန်းတယ် ဆိုတဲ့ဟာနဲ့ နိုင်ငံတော်ပုန်ကန်မှုတို့ ဘာတို့နဲ့ အရေးယူနိုင်တဲ့ အထိ ဖြစ်နိုင်တယ်။"

ဖေဖော်ဝါရီ ၁ ရက်နေ့က ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်တွေဟာ ရွေးကောက်ပွဲနိုင်ပြီး မဖြစ်မနေ ကျင်းပရမယ့် တတိယအကြိမ်လွှတ်တော်သစ်ရဲ့ ပထမဆုံးအစည်းအဝေးကို တက်ရောက်ဖို့ ပြင်ဆင်နေစဉ် မဲလိမ်မဲခိုးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က အာဏာသိမ်းလိုက်တာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီး တစ်ပတ်အတွင်းမှာပဲ NLD လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုတော့ ၂၀၂၀ ရွေး ကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ စုပေါင်းပြီး ဧပြီလ (၁၆) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။