လက်အောက်ခံတပ်တွေကို ထိန်းပေးဖို့ KNU ကို စစ်ကောင်စီ အကြောင်းကြား

RFA Burmese
2023.02.09
Share on WhatsApp
Share on WhatsApp
လက်အောက်ခံတပ်တွေကို ထိန်းပေးဖို့ KNU ကို စစ်ကောင်စီ အကြောင်းကြား ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
KNU

ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနဲ့ လက်အောက်ခံတပ်ဖွဲ့တွေကို ထိန်းသိမ်း ကြပ်မတ်ပေးဖို့ စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီကနေ ဖေဖော်ဝါရီလ ၆ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့ပြီး အကြောင်းကြားလိုက်ပါတယ်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူစေးဖိုးနဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီတို့ထံ လိပ်မူပြီး ပေးပို့ထားတဲ့စာမှာ KNU ကို NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုအဖြစ် ရှုမြင်ထားပေမယ့် KNU လက်အောက်ခံ တပ်မဟာတွေ KNDO အဖွဲ့တွေက PDF တွေနဲ့ ပူးပေါင်းပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ကို တိုက်ခိုက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို တိုက်ခိုက်လာမှုတွေအပေါ်မှာလည်း ငြိမ်းချမ်းရေး မထိခိုက်စေရေးအတွက် တိုက်ခိုက်လာတဲ့ အဖွဲ့တွေကိုပဲ တုံ့ပြန် တိုက်ခိုက်ပြီးတော့ စိတ်သဘောထားကြီးစွာ ဆောင်ရွက်ခဲ့ပေမယ့် ကျေးရွာတွေထဲကို ဝင်ရောက် ပစ်ခတ်တာ၊ အစိုးရဌာန ရုံးတွေကို မီးရှို့ဖျက်ဆီးတာ၊ လမ်းတံတားတွေကို မိုင်းခွဲတိုက်ခိုက်တာတွေက လက်ခံနိုင်ဖွယ် မရှိကြောင်းနဲ့ အဓိက ထိခိုက် ခံစားရတာဟာ ပြည်သူလူထုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးရုံးကတော့ စစ်ကောင်စီဘက်က ပေးပို့တဲ့ စာကို လက်ခံရရှိထားသလို KNU ဗဟိုကော်မတီအနေနဲ့လည်း စာကိုတုံ့ပြန်ဖို့ အစီအစဉ် ရှိတာကြောင့် လောလောဆယ်မှာ သတင်းမီဒီယာတွေကို သဘောထား မပေးနိုင်သေးဘူးလို့ RFA ကိုပြောပါတယ်။

KNU လက်အောက်ခံ တပ်မဟာတွေနဲ့ PDF တွေ ပူးပေါင်းပြီးတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ အများပြည်သူပိုင်ဆိုင်တဲ့ လမ်း၊ တံတား၊ တာဝါတိုင်၊ အဆောက်အအုံတွေကို ဗုံး၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု၊ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုတွေကို ကရင်ပြည်နယ်မှာ ၁၁၆ ကြိမ်၊ မွန်ပြည်နယ်မှာ ၃၁၇ ကြိမ်၊ ပဲခူးတိုင်းမှာ ၆၆၂ ကြိမ် စုစုပေါင်း ၁၀၉၅ ကြိမ် ဆောင်ရွက်ခဲ့တယ်လို့ စစ်ကောင်စီဘက် က စွပ်စွဲထားပါတယ်။

အဲဒါကြောင့် KNU ဥက္ကဋ္ဌ၊ စစ်ဦးစီးချုပ်တို့ အပါအဝင် ဗဟိုကော်မတီဝင်တွေ အနေနဲ့ စဉ်းစားသုံးသပ်ပြီးတော့ KNU လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ KNDO တပ်ဖွဲ့ဝင်တွေကို အဖျက်လုပ်ရပ် လုပ်ဆောင်မှု မပြုရေး၊ ဘယ်လုပ်ရပ်မျိုးမဆို ပြည်သူအတွက် စဉ်းစားပြီးမှ ဆောင်ရွက်ဖို့အတွက် ကြပ်မတ်ထိန်းသိမ်းပေးပါဆိုပြီး စစ်ကောင်စီဘက်က တိုက်တွန်းထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိ လ ၂၀ အတွင်း KNU ထိန်းချုပ် နယ်မြေ နှစ်ခုမှာ တိုက်ပွဲပေါင်း ၆၆၈၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ ခြေကုပ်စခန်းကြီး ကိုးခုအထိ သိမ်းနိုင်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

JIMMY HUNT
2023-02-09 09:44

trouble maker Min Aung Hlaing who broke the law ? ask yourself first . Don't blamed somebody else , all about your false .no one like you ! Get out of our Democracy way