စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးမှု ရင်ဆိုင်နေရ
2024.06.13
မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက်ပိုင်း လုပ်သား ၂၈ ရာခိုင်နှုန်းဟာ အလုပ်ထွက်ပြီး ကျေးလက်နဲ့ ပြည်ပနိုင်ငံတွေကို ပြောင်းရွှေ့ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဇွန်လ ၁၂ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီလုပ်သားတွေရဲ့ တစ်ဝက်လောက်ဟာ ပြည်ပနိုင်ငံတွေကို ပြောင်းရွှေ့ခဲ့ပြီး ကျန်တဲ့လုပ်သား သုံးပုံတစ်ပုံကတော့ ပြည်တွင်းမှာပဲ ရွှေ့ပြောင်းခဲ့တာလို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
အလုပ်ထွက်ခဲ့တဲ့ လုပ်သားအများစုဟာ ဝန်ဆောင်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။
အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ ဝန်ထမ်းတွေကို ရေရှည်ထိန်းထားနိုင်ဖို့ ကြိုးစားနေရတယ်လို့ ပြောပါတယ်။
စစ်မှုထမ်းဥပဒေ အတည်မပြုခင်ကတည်းက ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရမှုတွေနဲ့ လုပ်ခလစာ ကျဆင်းလာမှုတွေကြောင့် လုပ်ငန်းအများစုဟာ လုပ်သားရှားပါးမှုတွေကို ရင်ဆိုင်နေရတာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။
စစ်မှုထမ်းဥပဒေ မကြေညာခင် ၂၀၂၃ ခုနှစ်၊ ဧပြီလမှာ အလုပ်ထွက်ခဲ့တဲ့ လုပ်သား ၁၇ ရာခိုင်နှုန်းရှိခဲ့ရာကနေ စစ်မှုထမ်းဥပဒေနောက်ပိုင်း ၂၀၂၄ ခုနှစ် ဧပြီလအတွင်း လုပ်သား ၂၈ ရာခိုင်နှုန်း အလုပ်ထွက်ခဲ့တာပါ။
ကမ္ဘာ့ဘဏ်ရဲ့ လတ်တလော စစ်တမ်းတွေအရ အသက် ၂၀ ကနေ ၄၀ အတွင်းရှိတဲ့ ပညာတတ်လူငယ် ၅၂ ရာခိုင်နှုန်းဟာ ဂျပန်၊ စင်္ကာပူ၊ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံတို့မှာ အလုပ်လုပ်ကိုင်လိုကြတယ်လို့ ဖော်ပြထားပါတယ်။