စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းတွေမှာ မပါဝင်ဖို့ NUG သတိပေး
2024.02.24
စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့ လုပ်ငန်းတွေမှာ မပါဝင်ဖို့နဲ့ ပါဝင်ပတ်သက်သူတွေဟာ အကြမ်းဖက်မှု ကျူးလွန်သူတွေဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတိပေးလိုက်ပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူတွေကို ပေါ်တာဆွဲတာ၊ အဓမ္မဖမ်းဆီးတာ၊ သင်တန်းပေးတာ၊ စစ်မှုထမ်းဖို့ ဆင့်ခေါ်တာ စတဲ့လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ရင် အကြမ်းဖက်မှုကို ကျူးလွန်ရာရောက်တယ်လို့ NUG ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ကြေညာချက်ထုတ်လိုက်တာပါ။ လိုက်နာဖို့ ပျက်ကွက်ခဲ့ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အညီ အပြစ်ပေးအရေးယူမယ်လို့လည်း NUG ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီက ပြည်သူတွေကို သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ အဓမ္မပါဝင်စေခိုင်းဖို့နဲ့ လူသားဒိုင်းအဖြစ် အသုံးချဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေအကို အသက်သွင်းလိုက်တာဖြစ်တယ်လို့လည်း NUG က ဆိုပါတယ်။
စစ်မှုထမ်းဥပဒေကို လိုက်နာစရာမလိုကြောင်းလည်း NUG က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးမယ့်အကြောင်း ကြေညာပြီးနောက် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကိုလည်း ဖွဲ့စည်းထားပါတယ်။
လက်ရှိကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဥက္ကဋ္ဌ၊ (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး စစ်ဥပဒေချုပ်၊ စစ်ထောက်ချုပ်နဲ့ ရှေ့နေချုပ် အပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၁၈ ဦးနဲ့ ဖွဲ့စည်းထားတာပါ။
ဒါ့အပြင် နေပြည်တော်ကောင်စီဝင်နဲ့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုက လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတာဝန် ပူးတွဲယူထားတဲ့ ရဲအရာရှိကြီးတွေကို တိုင်းနဲ့ ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဝင်တွေအဖြစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ တာဝန်ပေးထားပါတယ်။ စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းတွေကို ၂၀၂၄ ခုနှစ် ဧပြီလကုန်ပိုင်းမှာ စတင်မယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ထုတ်ပြောထားပါတယ်။