အခွန်မဆောင်တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ တစ်ရာကျော် စစ်ကောင်စီ လုပ်ငန်းဆိုင်းငံ့ထား
2025.02.09

စစ်ကောင်စီကို အခွန်မဆောင်တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၂၃ ခုကို လုပ်ငန်းလုပ်ကိုင်ခွင့် ဆိုင်းငံ့လိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၃ ရက်နေ့မှာ စာရင်းထုတ်ပြန်လိုက်ပါတယ်။
အဲဒီအလုပ်သမား အေဂျင်စီတွေကို အလုပ်ခေါ်စာ (Demand Letter) အသစ်တင်ပြခွင့် ဆိုင်းငံ့လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆိုင်းငံ့ခံလိုက်ရတဲ့ အေဂျင်စီ တစ်ရာကျော်ထဲမှာ အခွန်မဆောင်တဲ့ အေဂျင်စီတွေ ပါသလို သတ်မှတ်ထားတဲ့ရက်အတွင်း ဒဏ်ကြေးမဆောင်တဲ့ အေဂျင်စီ ၁၆ ခုလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်ပြီးကတည်းက ပြည်ပအလုပ်အကိုင် အေဂျင်စီအားလုံးနီးပါး ရပ်တည်ရေး ခက်ခဲလာတယ်လို့ ဆိုင်းငံ့ခံလိုက်ရတဲ့ ရန်ကုန်မြို့က ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။
“စစ်တပ်နဲ့နီးစပ်တဲ့ အဘတွေနဲ့နီးစပ်တဲ့ အေဂျင်စီတွေလောက်ပဲ အလုပ်ဖြစ်တာပါ။ ကျန်တဲ့အေဂျင်စီအများစုက တော်တော်ကို ခက်ခဲကျပ်တည်းပါတယ်။ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်ပြီးကတည်းက ကျွန်တော်တို့ အေဂျင်စီတွေက အဆင်မပြေကြတော့ဘူး။ ပြည်ပ အလုပ်လုပ်ဖို့ အရွယ်ကောင်းတဲ့ ယောက်ျားလေးတွေကို အသက် ကန့်သတ်လိုက်တော့ အလုပ်ခေါ်စာ ရှိရင်တောင် လုပ်သားရှားပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေခဲ့ရတာလေ။ အခု အလုပ်ခေါ်စာရရင်တောင် တင်ပြခွင့်မရတော့ဘူးဆိုတော့ ဘာမှ လုပ်မရတော့ဘူးပေါ့”
လုပ်ငန်းဆိုင်းငံ့ခံလိုက်ရတဲ့ အေဂျင်စီတွေအနေနဲ့ အခွန်ဆောင်မယ်၊ ဒဏ်ကြေးတွေ ပေးသွင်းမယ်ဆိုရင် အလုပ်ခေါ်စာအသစ် တင်ပြခွင့်ကို ပြန်လည်ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ အလုပ်သမား ဝန်ကြီးဌာနကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းနဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ပြည်ပရောက် အလုပ်သမားတွေ မိသားစုတွေဆီကို ပြန်ပို့ငွေစာရင်း မပြနိုင်တဲ့အေဂျင်စီ ၁၄၆ ခုကိုလည်း ၂၀၂၄ ခုနှစ် စက်တင်ဘာလထဲမှာ စစ်ကောင်စီက စစ်ဆေးအရေးယူခဲ့ပါတယ်။