စစ်မှုထမ်းအကျုံးဝင် အလုပ်သမားတွေ ပြည်ပထွက်ခွင့် စစ်ကောင်စီ ရပ်ဆိုင်း

နှစ်နိုင်ငံ သဘောတူညီမှု အလုပ်အကိုင်စာချုပ် (MoU) နဲ့ ပြည်ပနိုင်ငံမှာ အလုပ်သွားလုပ်မဲ့ စစ်မှုထမ်းအကျုံးဝင် အမျိုးသားတွေကို စစ်ကောင်စီက ပြည်ပထွက်ခွင့် ရပ်ဆိုင်းလိုက်ပြီလို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက RFA ကို ဇန်နဝါရီ ၃၁ ရက်နေ့မှာ ပြောပါတယ်။

အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် အမျိုးသားတွေကို ကန့်သတ်လိုက်တာဖြစ်ပြီး အမျိုးသမီးနဲ့ စစ်မှုထမ်း အကျုံးမဝင်ဘဲ အသက်ကျော်တဲ့ အလုပ်သမားတွေကို သွားခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

စစ်မှုထမ်း အကျုံးဝင်သူတွေကို ဇန်နဝါရီ ၃၀ ရက်နေ့ကစပြီး MoU နဲ့ ပြည်ပနိုင်ငံမှာ အလုပ်လုပ်ဖို့ Overseas Worker Identification Card (OWIC) ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် ထုတ်ပေးတာကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ရပ်ဆိုင်းလိုက်တယ်လို့ အမည်မဖော်လိုတဲ့ အလုပ်အကိုင်အေဂျင်စီ လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“OWIC ကတ်လုပ်တာကို မနေ့ကစပြီး ရပ်ထားပါတယ်။ အခု အေဂျင်စီအဖွဲ့တွေဘက်က သူတို့ဆီမှာ ရှိနေတဲ့ အလုပ်သမားတွေ အလုပ်လုပ်ခွင့်ရဖို့ တင်ပြကြတာရှိတယ်။ ဇန်နဝါရီ ၃၀ ရက်နေ့အထိ စာချုပ်ချုပ်ထားတဲ့ ပြည်ပအလုပ်အကိုင်တွေအားလုံးကို ခွင့်ပြုပေးမယ်လို့တော့ သိရပါတယ်။ တရားဝင် စာမထွက်သေးတော့ အဲဒီအခြေအနေကို စောင့်နေတာပါ”

စစ်ကောင်စီက ပြန်ခွင့်ပြုပေးမယ်လို့ဆိုပေမဲ့ စစ်မှုထမ်းအကျုံးဝင်ပြီး အမည်စာရင်း ထည့်သွင်းထားပြီးသူတွေအနေနဲ့ ပြည်ပထွက်ခွင့် ရမှာမဟုတ်ဘူးလို့လည်း သူကပြောပါတယ်။

အမည်စာရင်း ထည့်သွင်းခံထားရသူတွေက စစ်မှုထမ်း ကင်းလွတ်ခွင့် လျှောက်ထားရမှာ ဖြစ်ပါတယ်။

ဒီအခြေအနေက ထိုင်းနိုင်ငံကို တရားဝင်သွားမဲ့ အလုပ်သမားတွေအပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိနေတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံကို MoU နဲ့ အလုပ်သွားလုပ်မဲ့ အမည်မဖော်လိုတဲ့ အသက် ၂၅ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးက အခုလိုကန့်သတ်မှုကြောင့် ပြည်ပထွက်ခွင့် မရမှာစိုးရိမ်တယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်တော်က အေဂျင်စီနဲ့ စာချုပ်လည်း ချုပ်ပြီးပါပြီ။ ငွေတွေလည်း သွင်းထားပါတယ်။ OWIC ကတ်တွေ ပိတ်လိုက်တော့ သွားလာဖို့ ရင်းနှီးထားရတဲ့ငွေကြေးတွေ ဆုံးရှုံးသွားမှာ စိုးရိမ်ပါတယ်”

အခုကန့်သက်ချက်တွေဟာ အစိုးရချင်း သဘောတူညီမှုနဲ့သွားရတဲ့ ကိုရီးယားနိုင်ငံနဲ့ ပညာသင်၊ ကျောင်းတက်ဖို့သွားတဲ့ ဂျပန်လို နိုင်ငံကိုမျိုးကို စစ်ကောင်စီဘက်က ဒီရက်ပိုင်းထဲ မူဝါဒပြောင်းမလားဆိုတာ စောင့်ကြည့်ရမယ်လို့လည်း အလုပ်အကိုင် အေဂျင်စီတွေက ပြောပါတယ်။

ပြည်ပမှာ အလုပ်လုပ်နေပြီး ခွင့်နဲ့ ပြန်လာသူတွေ၊ MoU နဲ့ အလုပ်လုပ်ပြီး မြန်မာပြည် ပြန်လာသူတွေကို OWIC ထုတ်ပေးတာ ကန့်သတ်ထားတာကြောင့် ပြည်တွင်းထဲက အခြေအနေတွေ စောင့်ကြည့်ပြီးမှ ပြန်လာကြဖို့ နောက်ထပ် အေဂျင်စီ လုပ်ငန်းလုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

“တချို့က ပြန်လာလို့ ရတယ်ဆိုပြီး ပြည်တွင်းထဲက အခြေအနေကို မလေ့လာဘဲနဲ့ ပြန်လာကြတယ်။ သူတို့ကို OWIC ကတ်လည်း မထုတ်ပေးဘူး။ ပြည်ပ ပြန်ထွက်ခွင့်လည်း မပေးတော့ဘူး။ အဲဒီတော့ ပြည်တွင်းထဲ ပြန်လာတဲ့ အလုပ်သမားတချို့ ပြန်သွားလို့မရတာမျိုး ဖြစ်နေတယ်။ အမျိုးသမီးတွေကျတော့ OWIC ရပေမဲ့ လေဆိပ်မှာ ပြန်ထွက်လို့မရတာလည်း ကြုံနေရတယ်”

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကို ဆက်သွယ်တဲ့အခါ စစ်ကောင်စီ သတင်းမှန် ပြန်ကြားရေးအဖွဲ့ကနေ မေးမြန်းဖို့ RFA ကို ပြောပါတယ်။

ဒါကြောင့် စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီက ဇန်နဝါရီ ၂၃ ရက်နေ့က ပြည်သူ့စစ်မှုထမ်း နည်းဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီနည်းဥပဒေမှာ ပုဒ်မ - ၅၁ မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့ အမိန့်စာ ရရှိသူတွေဟာ စစ်မှုထမ်းဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ဖော်ပြထားတာပါ။

အလားတူ ပုဒ်မ-၅၀ မှာလည်း ဆေးစစ်အောင်မြင်ပြီးသူတွေဟာ စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ပြုဖို့၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးဖို့၊ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားရင် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုမိန့်မရခင် ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ပြဋ္ဌာန်းထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ပမှာ အလုပ်သွားလုပ်မဲ့သူတွေကို တင်းကျပ်တဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ ထိန်းချုပ်လာပြီး လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်ငွေလွှဲဖို့ ညွှန်ကြားတာ၊ စစ်မှုထမ်းအကျုံးဝင် အသက်အရွယ်ရှိသူတွေကို ပြည်ပထွက်ခွင့် ကန့်သတ်တာတွေ ရှိနေပါတယ်။