အေအေ အဖွဲ့နဲ့ ဆွေးနွေးနိုင်ရေး စစ်ကောင်စီ ကြိုးပမ်းနေ

ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ ကြားခံ အဖွဲ့တွေနဲ့ ကြိုးပမ်းနေတယ်လို့ အမည်မဖော်လိုတဲ့ စစ်တပ် အဆင့်မြင့်အရာရှိတစ်ဦးက ဒီနေ့ပြောပါတယ်။

ဒါပေမဲ့ အခုလက်ရှိမှာ တိကျတဲ့အဖြေမရသေးဘူးလို့ အဲဒီအရာရှိက ပြောပါတယ်။

"အတည်တော့ မပြုနိုင်သေးဘူး။ လိုက်ကြိုးစားနေကြတယ်။ ရခိုင်နိုင်ငံရေးပါတီတွေ ဘက်ကလည်း လိုက်ပြီးတော့ ကြိုးစားနေတယ်။ ကြားမှာ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့တွေနဲ့ ရခိုင် ရပ်မိရပ်ဖတွေကလည်း လိုက်ပြီးတော့ ကြိုးစားနေတယ်။ အခြေအနေကတော့ ငါးဆယ်၊ ငါးဆယ်ပဲ။ ယတိပြတ် မပြောနိုင်သေးဘူး"

ဒီကိစ္စနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ဖိတ်ခေါ်ကမ်းလှမ်းထားပေမယ့် ရက္ခိုင့်တပ်တော် (AA) ကတော့ လက်မခံဘဲ ငြင်းဆိုထားတာပါ။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေစလို့ အချိန်နှစ်နှစ်နီးပါးကြာ တိုက်ပွဲတွေပြင်းထန်ခဲ့ကြပြီးနောက် နှစ်ဖက်နားလည်မှုနဲ့ အပစ်အခတ်တွေ ရပ်စဲထားတာပါ။

အခုနောက်ပိုင်း နှစ်ဖက် အပြန်အလှန်ဖမ်းဆီးမှုတွေအပြင် စစ်ရေးအခြေအနေတွေ ပြန်လည်တင်းမာလာတာကြောင့် ဆွေးနွေးမှုမရှိရင် တိုက်ပွဲတွေ အချိန်မရွေး ပြင်းထန် လာနိုင်တယ်လို့ ရခိုင် စစ်ရေး၊ နိုင်ငံရေးလေ့လာသူတွေက ထောက်ပြနေကြပါတယ်။