CDM လုပ်တဲ့ ဆရာဝန်အယောက် ၂၀ ကို စစ်ကောင်စီ အမှုဖွင့်

အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာပါဝင်တဲ့ နောက်ထပ်ဆရာဝန် အယောက်၂၀ ကို စစ်ကောင်စီက ဧပြီလ ၁၄ ရက် မနေ့ညပိုင်းက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူမယ့်အကြောင်း ကြေညာလိုက်ပါတယ်။

အဲဒီဆရာဝန်တွေ ပြင်ပဆေးခန်းတွေမှာ ဆက်လက်ဆေးကုသခွင့်မပြုဖို့နဲ့ ပြုလုပ်ရင် လက်ခံတဲ့ဆေးခန်းရော ကုသသူ ဆရာဝန်ကိုပါ အရေးယူမယ့်အကြောင်း စစ်ကောင်စီက ကြေငြာထားပါတယ်။

နောက်ထပ် ဖမ်းဝရမ်းအထုတ်ခံရတဲ့ ဆရာဝန် ၂၀ ဦးကတော့ ပြင်ဦးလွင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဝေဝေဦး၊ ဖယ်ခုံပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ကျော်ကျော်ဦး၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် သွားဖွားမီးယပ်ဆေးရုံက အထူးက ဒေါက်တာ ရီရီ၊ ပခုက္ကူပြည်သူ့ဆေးရုံက အထူးကုဆရာဝန်တွေဖြစ်ကြတဲ့ ဒေါက်တာ ကျော်ညီညီ ထွဋ်၊ ဒေါက်တာ ထိန်လင်းအောင်၊ ဒေါက်တာ ချမ်းမြအောင်၊ ဒေါက်တာအောင်လင်းဦးနဲ့ ဒေါက်တာ ဇာခြည် ပြေသိမ်း၊ ဟင်္သာတ ပြည်သူ့ဆေးရုံက အထူးကုတွေဖြစ်ကြတဲ့ ဒေါက်တာချိုနွယ်ဦးနဲ့ ဒေါက်တာ ပန်းမြတ်သူ၊ ကသာပြည်သူ့ဆေးရုံက အထူးကုဒေါက်တာ ခင်သက်လင်း၊ ဒေါက်တာ ခင်လဲ့လဲ့နိုင်နဲ့ ဒေါက်တာ ဇော်နိုင်ဖြိုး၊ ဥတ္တရသီရိမြို့နယ် အရိုးအထူးကုဆေးရုံကြီးက အထူးကု ဒေါက်တာ ပြည်သိမ်းနဲ့ ဒေါက်တာ ကိုကိုနိုင်၊ ဗန်းမော် မြို့နယ် ပြည်သူ့ဆေးရုံကြီးက အထူးကုဆရာဝန်တွေဖြစ်ကြတဲ့ ဒေါက်တာ အောင်ထွန်းဝင်း၊ ဒေါက်တာ ဂမ်မင်းထက်၊ ဒေါက်တာ လျန်းလင်းထွေး၊ ဒေါက်တာ ဗညားနဲ့ လွိုင်ကော်ပြည်သူ့ဆေးရုံက အထူးကု ဒေါက်တာ ရန်နိုင်မိုး တို့ဖြစ်ပါတယ်။

ဆရာဝန်တွေကို အခုလို ဖမ်းဝရမ်းထုတ်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်တုန်းကလည်း နိုင်ငံ အနှံ့က ဆရာဝန် ၁၉ ဦးကို ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့အတွက် အထူးကုဆရာဝန်ကြီးတွေ အပါအဝင် ဆရာဝန်အမြောက်အများ ဘေးလွတ်ရာမှာ ပုန်းရှောင်နေရပါတယ်။ ပထမအကြိမ် ဖမ်းဝရမ်း ထုတ်တဲ့ ဆရာဝန်ကြီးတွေထဲမှာ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံက ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ နော်မာသေး လည်း ပါဝင်ပါတယ်။

ဒေါက်တာ နော်မာသေး ဟာ နေပြည်တော် သပြေကုန်း လူထုဆန္ဒပြပွဲကို ရဲနဲ့ စစ်တပ်က အင်အားသုံး ဖြိုခွင်းရာမှာ ဦးခေါင်းကို သေနတ်ကျည်ဆန်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲခိုင် ကို စစ်ဆေးရုံကို ချက်ချင်းလွှဲပေးဖို့ စစ်ကောင်စီရဲ့ တောင်းဆိုချက်ကို ငြင်းပယ်ပြီး ပြည်သူ့ဆေးရုံမှာသာ ကုသဖို့ ဦးဆောင်ကြိုးပမ်းခဲ့သူ ဖြစ်ပါတယ်။