စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၅) အထိ စုဆောင်းခံရသူ နှစ်သောင်းကျော် ရှိလာ

RFA Burmese
2024.10.20
စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၅) အထိ စုဆောင်းခံရသူ နှစ်သောင်းကျော် ရှိလာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၆) သင်တန်းတက်ရောက်ရန် လာရောက်ကြသူများအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ရစဥ်။
Telegram/Pyithusitt

နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်း ၂၃ ကျောင်းမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဥ် (၁) ကနေ (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁,၀၀၀) ထက်မနည်း ရှိနေတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်မှုထမ်း အမှတ်စဥ် (၁) မှာ စစ်ကောင်စီက သတ်မှတ်ထားတဲ့ အရေအတွက် ငါးထောင် စုဆောင်းနိုင်ခဲ့ပြီး အမှတ်စဥ် (၂), (၃), (၄), (၅) တို့မှာ စစ်မှုထမ်း လေးထောင်ကျော် စုဆောင်းနိုင်ခဲ့တာကြောင့် သတ်မှတ်ထားတဲ့ အရေအတွက် မပြည့်မီခဲ့ကြောင်း အစီအရင်ခံစာက ဖော်ပြပါတယ်။

စစ်သင်တန်း အမှတ်စဥ် (၁) နဲ့ (၂) သင်တန်းသား စုဆောင်းရာမှာ လွယ်ကူခဲ့ပေမဲ့ ကျန်အမှတ်စဥ်တွေမှာ အတင်းအဓမ္မ ဖမ်းဆီးပြီး စုဆောင်းခံရသလို ငွေကြေးနဲ့ ငှားရမ်းပြီး လူစားထိုးတာလည်း ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက သင်တန်းသားအသစ်တွေကို စစ်မြေပြင်ကိုစေလွှတ်တာ မလုပ်ဘူးလို့ ပြောထားပေမဲ့ စစ်ရေးပြင်းထန်တဲ့ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်လို နေရာတွေကို စေလွှတ်ခဲ့ကြောင်း လားရှိုးမှာ သေဆုံးတဲ့ စစ်မှုထမ်းသင်တန်းဆင်းသူရဲ့ အထောက်အထားနဲ့တကွ BACS က ဖော်ပြပါတယ်။

လက်ရှိမှာ သင်တန်းဆင်းပြီးတဲ့ စစ်မှုထမ်း ၁၃,၀၀၀ ကျော် ရှိနေပြီး တိုက်ပွဲအတွင်းမှာ သေဆုံးတဲ့ သင်တန်းဆင်းတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စက်တင်ဘာ နောက်ဆုံးအပတ်ကနေ အောက်တိုဘာ ဒုတိယအပတ်အထိ သုံးပတ်အတွင်း ဒေသခံ လူငယ်နှစ်ဆယ်ခန့် စစ်မှုထမ်းအတွက် လူသစ် စုဆောင်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ထဲမှာလည်း အောက်တိုဘာလဆန်းပိုင်းကစလို့ စစ်ကောင်စီရဲ့ စစ်မှုထမ်း သင်တန်းအမှတ်စဥ် (၆) အတွက် လူသစ်စုဆောင်းမှုတွေ ရှိနေပြီ အခုနှစ်ပတ်အတွင်းမှာ ဒေသခံ လေးဆယ်ကျော်အထိ ဖမ်းဆီးစုဆောင်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ပဲခူးတိုင်း ပေါက်ခေါင်း၊ ပန်းတောင်း၊ ပေါင်းတလည်၊ သဲကုန်း၊ ရွှေတောင်နဲ့ ပေါင်းတည်မြို့နယ်တွေမှာ စစ်မှုထမ်းဖို့ စက်တင်ဘာနဲ့ အောက်တိုဘာ နှစ်လအတွင်း လူ သုံးရာခန့် စုဆောင်းခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုတာ မရှိပေမဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ စစ်မှုထမ်း သင်တန်းအတွက် အတင်းအကျပ် စုဆောင်းတာ မရှိခဲ့ဘူးလို့ RFA ကို ပြောထားပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့မှာ စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၆) ကို စစ်ကောင်စီက ခေါ်ယူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။