အကြမ်းဖက်ဥပဒေနဲ့ အဖမ်းခံထားရတဲ့ တောင်ကုတ်လူငယ်ဥက္ကဋ္ဌ ပြန်လွတ်
PDF ကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီး တရားစွဲခံထားရတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုမင်းကိုဦးကို တရားရုံးက ပြန်လွှတ်ပေးလိုက်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက် ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က RFA ကို ပြောပါတယ်။
သက်သေအထောက်အထား မခိုင်လုံတဲ့အတွက် သံတွဲမြို့ ဒုတိယခရိုင် တရားရုံးကနေ ဧပြီလ ၁၈ ရက် ဒီနေ့မှာပဲ ပြန်လွှတ်ပေးလိုက်တာလို့ ရှေ့နေက ပြောပါတယ်။
“သူတို့က ကိုမင်းကိုဦးဟာ PDF ကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး တရားစွဲထားတာ ပေါ့နော်။ အခုတော့ သူတို့စွဲထားတာ သက်သေအထောက်အထား မခိုင်လုံတဲ့အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၈ (၁) အရ အမှုက အပြီးအပြတ် လွှတ်ပေးလိုက်တာပါ”
ကိုမင်းကိုဦးကို PDF ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ကတည်းက ဖမ်းဆီးခဲ့ပြီး တောင်ကုတ်မြို့မရဲစခန်းရဲ့ ဒုရဲမှူး ဇော်လတ်က တရားလိုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၀ (ည) နဲ့ တရားစွဲဆိုခဲ့တာပါ။
ကိုမင်းကိုဦးဟာ လေးလေကျော် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရပြီးမှ သက်သေမခိုင်လုံတာကြောင့် ပြန်လွတ်လာတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံရသူ အမျိုးသမီးငါးဦးနဲ့ အမျိုးသားလေးဦး စုစုပေါင်း ကိုးဦးအထိ ရှိနေပါတယ်။
သံတွဲမြို့က အဖမ်းခံရတဲ့ အမျိုးသမီးသုံးဦးကတော့ ပြီးခဲ့တဲ့မတ်လ ၃၁ ရက်နေ့မှာ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံလိုက်ရသလို မြောက်ဦးမြို့မှာ အဖမ်းခံရတဲ့ လူငယ် စာရေးဆရာ ကိုမင်းဒီပါ (ခေါ်) ကိုအောင်မြင့်နိုင်လည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာပဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခံခဲ့ရပါတယ်။