တောင်ကုတ် NLD အမတ်ဟောင်းကို တပ်ထဲမှာ ထိန်းသိမ်းခံထားရ

2021.03.10
တောင်ကုတ် NLD အမတ်ဟောင်းကို တပ်ထဲမှာ ထိန်းသိမ်းခံထားရ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်က NLD ပါတီရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင် ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်က NLD ပါတီရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင် ဟာ နယ်မြေခံတပ်ရင်းဖြစ်တဲ့ အမှတ် (၅၄၄) တပ်ရင်းထဲမှာ ထိန်းသိမ်းခံထားရကြောင်း မနေ့က တောင်ကုတ်မြို့နယ်တရားရုံးမှာ ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ရုံးထုတ်ရာမှာ ပြောဆိုခဲ့တယ်လို့ သူ့ရဲ့ရှေ့နေ ဒေါ်သိင်္ဂီမောင် က RFA ကို ပြောပါတယ်။

မြို့နယ်တရားရုံးက ဦးမင်းအောင်ကို တောင်ကုတ်မြို့မ ရဲစခန်းမှာပဲ ချုပ်နှောင်ခွင့်ရမန်ပေးထားတာ ဖြစ်ပါတယ်။

ဒါကြောင့် သူ့ရဲ့ရှေ့နေနဲ့ရော မိသားစုနဲ့ပါ တွေ့လို့ရအောင် စီစဉ်ပေးဖို့ ဦးမင်းအောင်က တရားရုံးမှာ တင်ပြခဲ့တယ်လို့ ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောပါတယ်။

NLD ပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နဲ့ ပါတီဝင်တစ်ဦးဖြစ်တဲ့ ကိုသန့်ဇင်ဖြိုး တို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က တောင်ကုတ်မြို့မှာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြမှုနဲ့ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉၊ ကိုဗစ်ကပ်ဘေးကာလမှာ လူစုလူဝေးလုပ်မှု သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ စတာတွေနဲ့ အမှုဖွင့် ဖမ်းဆီးခံထားရတာပါ။

တောင်ကုတ်မြို့မှာ အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြမှုနဲ့ တောင်ကုတ်မြို့နယ် NLD ပါတီက ကိုချစ်မောင်မောင် နဲ့ ပါတီ ဥက္ကဋ္ဌ ဦးတင်းသိန်းအောင်ကိုလည်း ဖေဖော်ဝါရီ ၁၂ ရက်နေ့က အလားတူ ပုဒ်မတွေနဲ့ ဖမ်းဆီးခံထား ရပါတယ်။

ဦးမင်းအောင်ကို တပ်ထဲမှာ ထိန်းသိမ်းထားပေမယ့် ကျန်တဲ့ သုံးဦးကိုတော့ ရဲစခန်းအချုပ်မှာပဲ ထိန်းသိမ်း ခံထားရတာလို့ သိရပါတယ်။

ဒီနေ့တရားရုံးချိန်းမှာ သူတို့လေးဦးစလုံးကို ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ရုံးထုတ်ခဲ့ကြတာဖြစ်ပြီး နောက်ထပ် ရုံးချိန်းကို လာမယ့် မတ် ၁၉ ရက်နေ့ကို ထပ်မံချိန်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။