၂၀၂၀ မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြီးပြတ်အောင် ဆောင်ရွက်ဖို့ တပ်ချုပ် တိုက်တွန်း

၂၀၂၀ ပြည့်နှစ်မှာ ကျင်းပမယ့် ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အစည်းအဝေးမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပြီးပြတ်စေရေး ဆောင်ရွက်ဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ စတင်ကျင်းပတဲ့ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ပထမနေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ခေတ်အဆက်ဆက် တောက်လောင်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခကို အပြီးတိုင်ငြိမ်းသတ်ဖို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်တဲ့ အဖွဲ့အစည်းမှန်သမျှ သဘောတူညီချက်တွေကိုသာ လိုက်နာရင် သေနတ်သံ ကြားရမှာမဟုတ်ကြောင်း ကိုယ့်လူကိုသာ နိုင်အောင်ထိန်းဖို့ အဓိပ္ပာယ်ကင်းမဲ့တဲ့ အကြောင်းပြချက် အမျိုးမျိုး မပေးဖို့ လိုကြောင်းလည်း ပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးမှုတွေနဲ့ ဆက်စပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်လိုတဲ့ သဘောထား တွေရှိတာ သိရှိကြောင်းလည်း ဖွဲ့စည်းပုံမှာ အချက်တချို့ကို ပြင်ဆင်ဖြည့်စွက်ပေးတာတွေ လုပ်ပေးခဲ့ပြီးဖြစ်တဲ့အပြင် ထပ်မံပြင်ဆင်လိုတာတွေရှိရင် ဆက်လက်ညှိနှိုင်း ဆွေးနွေးလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အချိန်ဆွဲဆောင်ရွက်တာဟာ ဖံ့ွဖြိုးတိုးတက်မှု နောက်ကျနေတဲ့ မြန်မာနိုင်ငံကို ပိုပြီးနိမ့်ကျအောင် ဆွဲနှစ်နေတာဖြစ်တယ်လို့ ပြောပါတယ်။ ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ကာလမှာ ငြိမ်းချမ်းရေးနဲ့ မသက်ဆိုင်တဲ့ ကိစ္စတွေကို ဆွဲလာတာ နားလည်မှုလွဲမှားစေနိုင်တဲ့ ကိစ္စတွေကို ရှေ့တန်းတင်တာ မလုပ်ဖို့လည်း သတိပေးခဲ့ပါတယ်။ ဒေသအချို့မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ၅၂ သန်းသော တိုင်းရင်းသားပြည်သူလူထုကို ကိုယ်စားပြုတာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဟာ ဖိအားပေးပြီး ရယူနိုင်တာမျိုး မဟုတ်ဘဲ နားလည်မှု၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ကြရတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ၊ ငြိမ်းချမ်းရေးအလင်းရောင် ရစေမယ့်ဖြစ်စဉ်မှာ မပါဝင်ကြသေးတဲ့ အင်အားစုတွေ၊ ပုဂ္ဂိုလ်တွေကို ပြည်ထောင်စုကြီးအပေါ် စေတနာထား၊ သစ္စာစောင့်သိပြီး ပါဝင်လာဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်မတိုင်မီ နောက်ထပ်ညီလာခံ ၃ကြိမ် ကျင်းပနိုင်ဖို့၊ အဲဒီ ၃ ကြိမ်မှာ အရေးကြီးတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူတွေ အပြီးအပြတ် ချမှတ်ပြီး အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု အတွက် အခြေခံအုတ်မြစ်တွေ ခိုင်ခိုင်မာမာ တည်ဆောက်ပေးနိုင်ဖို့ မျှော်မှန်းထားကြောင်း ပြောခဲ့ပါတယ်။

ဒီနေ့ ညီလာခံအခမ်းအနားကို အစိုးရအဖွဲ့ အကြီးအကဲတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း ခေါင်းဆောင် တွေ၊ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လေ့လာသူတွေ၊ သံရုံးတာဝန်ရှိသူတွေ တက်ရောက်ခဲ့ ပါတယ်။