မင်းပြားက စစ်ကောင်စီ တိုင်းဗဟိုလေ့ကျင့်ရေးကျောင်းကို သိမ်းလိုက်ကြောင်း AA ‌ကြေညာ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနီရွာအနီးက စစ်ကောင်စီရဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က သိမ်းယူနိုင်ပြီလို့ ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီလ ၂၇ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း (ခေါ်) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းကို ဖေဖော်ဝါရီလ (၁၇) ရက်နေ့ကစပြီး AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ အပြင်းအထန်ခုခံနေတာကြောင့် ဆယ်ရက်ခန့်အကြာမှာ သိမ်းယူနိုင်ခဲ့တာလို့လည်း ဆိုပါတယ်။

ဒီသင်တန်းကျောင်းသိမ်းရာမှာ စစ်ကောင်စီဘက်က ကျဆုံးတဲ့ ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပေမဲ့ အသေးစိတ် အချက်အလက်ကိုတော့ ထည့်သွင်းပြောဆိုမထားပါဘူး။

ပြီးခဲ့တဲ့ရက်တွေနည်းတူ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောစတဲ့မြို့တွေက စစ်ကောင်စီစခန်းတွေကို အပြီးသိမ်းနိုင်ဖို့ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။

မင်းပြားမြို့နယ်က မင်းဖူးဆေးရုံကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မနက်က စစ်ကောင်စီဘက်က လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲခဲ့တာကြောင့် ဆေးကုသနေတဲ့ အရပ်သားတွေနဲ့ ဆေးရုံဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မင်းပြားမြို့နယ် သေကန်ရွာကို ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက် ၁ နာရီကျော်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီရဲ့ သင်တန်းကျောင်းသိမ်းယူခံရတာနဲ့ အရပ်သားတွေကို ပစ်ခတ်ခဲ့တယ်လို့ ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

မင်းပြားမြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၇၉)၊ (၃၈၀) နဲ့ (၅၄၁) တပ်ရင်းသုံးရင်းကိုလည်း ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီလ ၆ ရက်နေ့ကစပြီး သိမ်းပိုက်ခဲ့တဲ့အပြင် မြို့ကိုပါ ထိန်းချုပ်လိုက်ပါတယ်။