ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ မင်းတပ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာ

ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးဒေသအဖြစ် မေလ ၁၃ ရက်နေ့မှာ စစ်ကောင်စီက အမိန့်ထုတ် ကြေညာလိုက်ပါတယ်။

မင်းတပ်မြို့မှာ စစ်အုပ်ချုပ်ရေးကျင့်သုံးဖို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးကို တာဝန်ပေးအပ်လိုက်ကြောင်းလည်း စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ အမိန့်စာမှာ ပါရှိပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ စစ်အုပ်ချုပ်ရေး(Martial Law) အာဏာကို အခြေအနေအရပ်ရပ်အပေါ် မူတည်ပြီး တိုင်းမှူးကိုယ်တိုင်ဖြစ်စေ စစ်နယ်မြေမှူးတွေကို တာဝန်လွှဲပြီးတော့ပဲဖြစ်စေ ကျင့်သုံးနိုင်တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ စစ်ကောင်စီနဲ့ မင်းတပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF) တို့အကြား ဧပြီလနှောင်းပိုင်းက စပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။

လက်ရှိမှာတော့ မင်းတပ်မြို့မှာ မေလ ၁၂ ရက်နေ့ ညပိုင်းကနေ မေလ ၁၃ ရက်နေ့ စစ်အုပ်ချုပ်ရေးအမိန့် မထုတ်ပြန်ခင်အချိန် ညနေ ၄ နာရီဝန်းကျင်အထိ ပစ်ခတ်မှုတွေ ဖြစ်နေပြီး CDF အဖွဲ့ဘက်က တစ်ဦးကျဆုံးပြီး ခုနစ်ဦးနီးပါး ဒဏ်ရာရရှိထားတယ်လို့ မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF) အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

မင်းတပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်တပ်တို့ ဧပြီ ၂၄ ရက်ကနေ ၂၈ ရက်နေ့အထိ တိုက်ပွဲသုံးရက် ဖြစ်ပွားခဲ့ရာမှာတော့ စစ်ကောင်စီဘက်က အနည်းဆုံး ၂၀ ကျော်ကျဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ကျဆုံးတာ မရှိဘူးလို့ Chinland Defense Force – Mindat က ထုတ်ပြန်ထားပါတယ်။