တရားမဝင်ကျောက်စိမ်းတွေကို သိမ်းဆည်းပြီး NUG ထံ အပ်လိုက်ကြောင်း မင်းကင်း PDF ပြော

2021.12.23
Share on WhatsApp
Share on WhatsApp
တရားမဝင်ကျောက်စိမ်းတွေကို သိမ်းဆည်းပြီး NUG ထံ အပ်လိုက်ကြောင်း မင်းကင်း PDF ပြော စစ်ကောင်စီရဲ့ ကျောက်စိမ်းတွေ တင်ဆောင်လာတဲ့ ရေယာဉ်ကို ၂၀၂၁ ဒီဇင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ- မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁

စစ်ကိုင်းတိုင်း မင်းကင်းမြို့မှာ အမြန်ရေယာဉ်ပေါ်ကနေ ဖမ်းမိခဲ့တဲ့ စစ်ကောင်စီပိုင် ကျောက်စိမ်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာပဲ ပေးအပ်လိုက်တယ်လို့ မင်းကင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

စစ်ကိုင်းတိုင်း (အထက်ပိုင်း) ကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကောင်စီရဲ့ ကျောက်စိမ်းတွေနဲ့ အခြားပစ္စည်းတွေ တင်ပြီးဆင်းလာတဲ့ အမြန်ရေယာဉ်တစ်စီးကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှာပဲ မင်းကင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းမိခဲ့တာပါ။

ပြည်သူတွေရဲ့ သတင်းပေးချက်အရ ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ ပီနံအိတ်သုံးလုံးနဲ့ ထည့်ထားတဲ့ ကျောက်စိမ်းတွေ တွေ့ခဲ့တာလို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁) တပ်ရင်းမှူး ကိုလွင်က ပြောပါတယ်။

“အမြန်ရေယာဉ်ပေါ်မှာ ဘတ်ဖိုး (မြေတူးယာဉ်) နှစ်စီးတင်လာတယ်၊ ဘတ်ဖိုးတွေကိုပါ စစ်ဆေးတဲ့အခါ ဘတ်ဖိုး အတွင်းထဲမှာ ထည့်သယ်လာတဲ့ ကျောက်စိမ်းတွေကို တွေ့ရတယ်၊ အစကတော့ ဘတ်ဖိုးတွေနဲ့ အမြန်ရေယာဉ်ကိုပါ သိမ်းဖို့လုပ်ထားတာ၊ သိမ်းလိုက်ရင် ပြည်သူတွေပဲ ဒုက္ခရောက်ရမှာစိုးလို့ နောက်တစ် ကြိမ် စစ်ကောင်စီနဲ့ မပတ်သက်ဖို့ သတိပေးပြီး ပြန်လွှတ်လိုက်တယ်၊ ကျောက်စိမ်းတွေကိုတော့ နောက် ရက်မှာ NUG အစိုးရကို အပ်လိုက်ပါပြီ”

လက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရေကြောင်းစိုးမိုးမှုရရှိဖို့အတွက်ပါ လုပ်ဆောင်နေတယ်လို့လည်း တပ်ရင်းမှူး ကိုလွင်က ဆိုပါတယ်။

စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဟာ အရင်က မြေပြင်မှာသာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပေမယ့် အခုလပိုင်းတွေမှာတော့ ချင်းတွင်းမြစ်အတွင်းမှာပါ ဆက်တိုက်ဖြစ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ကျောက်စိမ်းတွေ သိမ်းဆည်းခံရတဲ့ကိစ္စအပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

မင်းကင်းမြို့နယ်ထဲက ပန်းဆက်၊ တောင်ဖြူနဲ့ ကျောက်ခဲတက်ရွာ စတဲ့ရွာပေါင်း ၁၆ ရွာလောက်မှာ စစ်ကောင် စီကို ထောက်ခံတဲ့ ပျူစောထီးအဖွဲ့တွေ အားကောင်းလာတာကြောင့် ပျူစောထီးတွေရဲ့ အဖမ်းခံရမှာကြောက် တဲ့ ဒေသခံ ၅၀၀၀ ဝန်းကျင်ဟာ နီးစပ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့