မီဇိုရမ်ပြည်နယ်အတွင်းဝန်ချုပ် မြန်မာဒုက္ခသည်တွေနဲ့ တွေ့ဆုံ
2024.12.07
မီဇိုရမ်ပြည်နယ်အတွင်းဝန်ချုပ် ခမီလီရမ်မီနာဟာ မီဇိုရမ် - မြန်မာနယ်စပ်ဒေသကို စစ်ဆေးဖို့အတွက် ချန်ဖိုင်းခရိုင်ကို သွားရောက်ရင်း ကယ်ဆယ်ရေးစခန်းနှစ်ခုမှာနေထိုင်နေတဲ့ မြန်မာဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ The Times of India သတင်းက ဖော်ပြပါတယ်။
မီနာ ဟာ ခရိုင်တာဝန်ရှိသူတွေနဲ့အတူ အိုက်ဇောမြို့က မြန်မာဒုက္ခသည် ၃၁၇ ဦးနေထိုင်တဲ့ Champhai Zote ရွာကို သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ခရီးစဉ်အတွင်း အရပ်ဘက်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ တာဝန်ရှိသူတွေက ဒုက္ခသည်စောင့်ရှောက်ရေး အစီအစဉ်တွေနဲ့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ အခြေအနေကို မီနာကို တင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အတွင်းဝန်ချုပ်က မြန်မာနယ်စပ်အနီးမှာရှိတဲ့ ဇောချွေးသာကျေးရွာက ဗေသလစခန်းကို သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေရဲ့ အခက်အခဲတွေကိုလည်း မေးမြန်းခဲ့ပါတယ်။ ဗေသလစခန်းမှာ မြန်မာဒုက္ခသည် ၃၉၉ ဦးရှိတယ်လို့ ဆိုပါတယ်။