မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့နဲ့ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့ တွေ့မည်
2023.05.30

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့တို့ ဇွန်လ ၁ ရက်နေ့ကနေ ၃ရက်နေ့အထိ မိုင်းလားမှာ သုံးရက်ကြာ တွေ့ဆုံကြမယ်လို့ မိုင်းလားအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က ပြောပါတယ်။
တရုတ်နိုင်ငံရဲ့တိုက်တွန်းမှုနဲ့ တွေ့ကြမှာလို့ မိုင်းလားအဖွဲ့ NDAA ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က RFA ကို ပြောပါတယ်။
"သူတို့သုံးဖွဲ့နဲ့ ဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့အဖွဲ့ မိုင်းလားမှာတွေ့ဆုံဖို့ တရုတ်ပြည်က တအားတိုက်တွန်းလို့ အဲဒီသုံးဖွဲ့လည်း လက်ခံတယ်၊ တစ်ရက်နေ့၊ နှစ်ရက်နေ့၊ သုံးရက်နေ့ မိုင်းလားမှာတွေ့ဆုံမယ်လို့ အဲလိုလျာထားတယ်၊ သုံးဖွဲ့လုံးရောက်လာပြီ၊ ရခိုင်နဲ့ တအာင်းက တရုတ်ပြည်အကူအညီတောင်းပြီး တရုတ်ပြည်ဖြတ်ရောက်လာတယ်၊ ဗိုလ်ချုပ်ရာပြည့်ကတော့ မနက်ဖြန် (ဇွန်လ ၁ )ရက်နေ့ ကျိုင်းတုံ ရောက်မယ်၊ မိုင်းလား လာမယ်"
တရုတ်နိုင်ငံ ယူနန်ပြည်နယ်နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာ ကောပေါင်လည်း ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံကိုယ်စားလှယ်အဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်တော် AA စတဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC)တို့ တွေ့ဆုံကြမှာပါ။
သုံးရက်ကြာဆွေးနွေးပွဲမှာ ဘာတွေဆွေးနွေကြမယ်ဆိုတာတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ကလည်း နေပြည်တော်မှာ “ဝ”ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP)၊ မိုင်းလား ခေါ် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်အဖွဲ့တို့ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့အဖွဲ့နဲ့တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲကျင်းပရေးနဲ့ ဖွဲ့စည်းပုံ့ပြင်ဆင်ရေး စတဲ့ ကိစ္စတွေကို သုံးရက်ကြာဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပိုင်သတင်းဌာနတွေမှာ ကြေညာခဲ့ပါတယ်။
ဒီအဖွဲ့သုံးဖွဲ့ဟာ စစ်အာဏာရှင်စနစ်တိုက်ထုတ်ဖို့ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းသွားမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။
ဒါ့အပြင် စစ်တပ်ကို လက်နက်ကိုင်တော်လှန်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို စစ်သင်တန်းပေးနေသလို စစ်လက်နက်ပစ္စည်း ကူညီပေးနေတဲ့အဖွဲ့တွေလည်း ဖြစ်ပါတယ်။