လားရှိုးက တိုင်းစစ်ဌာနချုပ်ကို MNDAA ထိန်းချုပ်
2024.08.03
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က သြဂုတ်လ ၃ ရက် ဒီနေ့မနက်ပိုင်းမှာ အပြည့်အဝ ထိန်းချုပ်လိုက်ပြီလို့ လားရှိုးမြို့ရဲ့ စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ရမခကို အပြည့်အဝထိန်းချုပ်လိုက်နိုင်ပါပြီ။ အခုက ခေါင်းဆောင်ပိုင်းအချို့ကို လိုက်ရှာနေတုန်း အခြေအနေဖြစ်နေပါတယ်။ ကျန်တာကိုတော့ ကိုးကန့်တပ်ဖွဲ့က အသေးစိတ်ထုတ်ပြန်ပါလိမ့်မယ်”
MNDAA က ဇူလိုင်၂၅ ရက်နေ့ကတည်းက အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီဘက်ကတော့ ဒီကိစ္စအပေါ် ငြင်းဆိုခဲ့ပါတယ်။
ဇူလိုင် ၂၃ ရက်နေ့ကတည်းက စစ်ကောင်စီရဲ့ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်အပါအဝင် အဲဒီအနီးမှာ ရှိတဲ့ ထပရ - ၆၂၆ တပ်ရင်း၊ ကုတင် (၁၀၀) ဆေးတပ်ရင်းနေရာတွေကို MNDAA က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
ဒါပေမဲ့ စစ်ဆေးရုံနဲ့ ထပရ - ၆၂၆ တပ်စခန်းတွေ ရှိနေတာကြောင့် တိုင်းစစ်ဌာနချုပ်ကို MNDAA တပ်ဖွဲ့က အပြည့်အဝမထိန်းချုပ်နိုင်ဘဲ တိုက်ပွဲ ရက်ကြာနေခဲ့တာလို့ ရှမ်းပြည်နယ်ရဲ့ စစ်ရေး၊ နိုင်ငံရေးလေ့လာသူတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ဆေးရုံက တိုင်းအပေါက်ဝမှာပဲ ရှိတာလေ။ ၆၂၆ ကလည်း တိုင်းနဲ့ကပ်နေတော့ အဲဒီတပ်တွေကို တိုက်ကတည်းက MNDAA ရမခကို ရပြီဆိုပြီး သတင်းလွှင့်ထားတာ။ ကြည့်ရတာ ဆေးရုံက လူနာတွေခံနေတော့ အပြည့်အဝ သိမ်းလို့မရတဲ့ပုံစံပဲ။ မနေ့က လူနာတွေထွက်လာမှ ဒီမနက် တိုင်းကို သိမ်းနိုင်တဲ့အခြေအနေပေါ့”
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ဇူလိုင် ၃ ရက်နေ့ကတည်းက လားရှိုးမြို့ကို MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခဲ့ပြီး တစ်လပြည့်ချိန်မှာ အအရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲတစ်လအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လူမှုကူညီရေးအသင်းဝင်တွေအပါအဝင် အရပ်သားတစ်ရာကျော် သေဆုံးပြီး နှစ်ရာနီးပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
မြို့ပေါ်ရပ်ကွက်က နေအိမ် ရာနဲ့ချီ ပျက်စီးခဲ့ပြီး မြို့ပေါ် လူဦးရေ နှစ်သိန်းကျော် ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။