MNDAA ထိန်းချုပ်ဒေသမှာ ကျန်းမာရေးကဏ္ဍကို CDM ဝန်ထမ်းတွေနဲ့လည်ပတ်

RFA Burmese
2024.08.20
MNDAA ထိန်းချုပ်ဒေသမှာ ကျန်းမာရေးကဏ္ဍကို CDM ဝန်ထမ်းတွေနဲ့လည်ပတ် CDM ကျန်းမာရေးဝန်ထမ်းများပါဝင်သော ကုသရေးလုပ်ငန်းများ လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် စတင်အကောင်အထည်ဖော်နေသည်ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့က MNDAA ထုတ်ပြန်စဥ်။
Screenshot From The KoKang's Video

ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ဒေသဖြစ်တဲ့ အထူးဒေသ (၁) မှာ ကျန်းမာရေးကဏ္ဍကို CDM ဝန်ထမ်းတွေနဲ့ လည်ပတ်နေတယ်လို့ အထူးဒေသ(၁) ကျန်းမာရေးဌာန ပြောခွင့်ရသူ ဒေါက်တာဘသက်က ပြောတဲ့အကြောင်း ကိုးကန့်ပြန်ကြားရေးက သြဂုတ်လ ၁၉ ရက်မနေ့က ဖော်ပြပါတယ်။

ကိုးကန့်အထူးဒေသ (၁) မှာ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်၊ ကုန်းကြမ်းမြို့တွေနဲ့ MNDAA ထိန်းချုပ်ထားတဲ့မြို့တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အထူးဒေသ (၁) ကျန်းမာရေးဌာနကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ စတင်အကောင်အထည်ဖော်ခဲ့ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM ) ကျန်းမာရေးဝန်ထမ်း အများစုအပါအဝင် ဝန်ထမ်းငါးရာနီးပါးနဲ့ ဖွဲ့စည်းထားတယ်လို့ ဒေါက်တာဘသက်က ပြောပါတယ်။

“CDM ကျန်းမာရေးဝန်ထမ်းအများစုနဲ့ လည်ပတ်နေပါတယ်။ ကုသရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လည်ပတ်နေပါတယ်။ လူမျိုး၊ တိုင်းရင်းသားမရွေး တန်းတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှုရဖို့၊ နိုင်ငံတကာအဆင့်မီ ကျန်းမာရေးအဆင့်မီစနစ် တည်ဆောက်ဖို့နဲ့ CDM ဝန်ထမ်းတွေ အလုပ်အကိုင် အခွင့်အလမ်းရရှိစေဖို့ ဖြစ်ပါတယ်”

လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးကိုလည်း သြဂုတ်လ ၁၁ ရက်နေ့ကတည်းက ပြန်လည်ဖွင့်လှစ်ပြီးနောက် စစ်သုံ့ပန်းတွေအပါအဝင် ပြည်သူလူထုကို ဆေးကုသမှုတွေ လုပ်ပေးနေတယ်လို့ သူကပြောပါတယ်။

ဒီအပြင် လားရှိုး ပြည်သူ့ဆေးရုံကြီးကို ခေတ်မီစက်ကိရိယာတွေ ဖြည့်ဆည်းပြီး နိုင်ငံတကာအဆင့်မီ ဆေးရုံတစ်ခုဖြစ်အောင် လုပ်မယ်လို့လည်း ဆိုပါတယ်။

ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ ပြီးခဲ့တဲ့သြဂုတ်လ ဒုတိယအပတ်ကစလို့ CDM ဝန်ထမ်းတွေကို လုပ်ငန်းခွင်ပြန်ဝင်ဖို့ စာရင်းကောက်ခဲ့တာပါ။

၂၀၂၄ ခုနှစ် မတ်လအတွင်း တအာင်းတပ်မတော် (TNLA) က ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့က ပြည်သူ့ဆေးရုံကိုလည်း CDM ကျန်းမာရေးဝန်ထမ်းတွေနဲ့ လည်ပတ်နေပါတယ်။

စစ်ကောင်စီတပ်ကတော့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို မကြာခဏ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်း သုံးနှစ်ကျော်အတွင်း ကျန်းမာရေးဝန်ထမ်းနဲ့ ဆေးရုံ၊ ဆေးခန်းတွေ အကြိမ်ပေါင်း ၁၂ဝဝ နီးပါး တိုက်ခိုက်ခံရတယ်လို့ အမေရိကန်အခြေစိုက် Global Health သုတေသနအဖွဲ့က ပြီးခဲ့တဲ့မတ် ၄ ရက်က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။