လူသတ်မှုစွပ်စွဲချက်နဲ့ လူခြောက်ဦးကို MNDAA သေဒဏ်ချ
2024.12.05
ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ဒေသမှာ လူသတ်မှုအပါအဝင် ရာဇဝတ်မှုကျူးလွန်သူလို့ စွပ်စွဲခံရတဲ့ ၁၄ ဦးထဲက ခြောက်ဦးကို ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းမှာပဲ သေဒဏ်ချမှတ်လိုက်တယ်လို့ MNDAA နဲ့ နီးစပ်တဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့လယ်က အများပြည်သူအရှေ့မှာ MNDAA အထူးဒေသ (၁) တရားစီရင်ရေးဌာန တာဝန်ရှိသူတွေက အခုလို စီရင်ချက် ချခဲ့တာပါ။
သေဒဏ်ချမှတ်ခံရသူတွေထဲမှာ အမျိုးသမီး တစ်ဦး ပါဝင်ပြီး ခင်ပွန်းဖြစ်သူကို သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သေဒဏ်ချမှတ်လိုက်တာလို့ MNDAA တပ်ဖွဲ့နဲ့ နီးစပ်သူတွေက သူတို့ရဲ့ ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြပါတယ်။
ကျန်တဲ့ အမျိုးသားတွေကတော့ အမျိုးသမီးယာဉ်မောင်းကို သတ်ဖြတ်မှု၊ သူငယ်ချင်းဖြစ်သူကို သတ်ဖြတ်မှု၊ ဆောက်လုပ်ရေးနဲ့ ဓာတ်ငွေ့လုပ်ငန်းရှင်တွေကို သတ်ဖြတ်ရန်ကြံစည်မှုတွေနဲ့ သေဒဏ်ချမှတ်ခံရတာလို့ ဆိုပါတယ်။ သေဒဏ်ချမှတ်လိုက်ပေမဲ့ လူအများရှေ့မှာ ကွပ်မျက်လိုက်တာ ရှိ၊ မရှိကိုတော့ အတိအကျ မသိရသေးပါဘူး။
နောက်ထပ် ရာဇဝတ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရသူရှစ်ဦးကိုတော့ ထောင်ဒဏ် ၁၀ နှစ်ကနေ နှစ် ၂၀ အထိ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာကို တွေ့ရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ MNDAA ပြန်ကြားရေးတာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ကလည်း လောက်ကိုင်မြို့မှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) ရဲ့ အသက် ၃၆ နှစ်အရွယ် ခရိုင်မှူးအဆင့်ရှိသူတစ်ဦးနဲ့ တပ်သားနှစ်ဦးတို့ကို လူအများရှေ့မှာ သေဒဏ်ပေးခဲ့ပြီး ဒုတပ်ရင်းမှူးအဆင့်ရှိသူ နှစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ခုနစ်ဦးကိုတော့ ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့တာပါ။
၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းမှာ လူသတ်၊ ဓားပြတိုက်၊ ပြန်ပေးဆွဲမှု ၂၅ ခု ကျူးလွန်မှုနဲ့ လူလေးဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA က သေဒဏ်စီရင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၁၈၆၁ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ လူမြင်ကွင်းမှာ သေဒဏ်စီရင်တဲ့ဥပဒေကို ဖျက်သိမ်းထားပြီးသားဖြစ်တာကြောင့် အခုလို စီရင်ချက်တွေအပေါ် ဥပဒေပညာရှင်တွေ ဝေဖန်ထောက်ပြနေကြပါတယ်။