လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သူတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ သမ္မတထံ တင်

2018-01-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေ ၂ဝ၁၇ ခုနှစ် မတ်လ ၁၄ ရက်နေ့က အင်းစိန်အကျဉ်ထောင်ကို သွားရောက်စစ်ဆေးစဉ်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေ ၂ဝ၁၇ ခုနှစ် မတ်လ ၁၄ ရက်နေ့က အင်းစိန်အကျဉ်ထောင်ကို သွားရောက်စစ်ဆေးစဉ်
Photo: RFA

အကျဉ်းထောင်တွေမှာ ရှိသင့်တဲ့ အကျဉ်းသား အရေအတွက်ထက် အမှန်တကယ်ရှိနေတဲ့ အကျဉ်းသား အရေအတွက်က ၄၀ ရာခိုင်နှုန်းကျော်လောက် ပိုများနေတာကြောင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ကြောင်း အစီရင်ခံစာ ရေးသားပြုစုပြီး နိုင်ငံတော်သမ္မတထံ မနေ့က ပေးပို့လိုက်တယ်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ဒီနေ့ ပြောပါတယ်။

ထောင်သားတွေ များပြားလွန်းတဲ့အတွက် နေရထိုင်ရကျပ်တည်းနေတာတွေကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်မှာစိုးရိမ်ရလို့ လျှော့ချသင့်တဲ့အကြောင်း တင်ပြတာဖြစ်တယ်လို့ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။

"အန်ကယ်က ဒုတိယဥက္ကဌတို့ ဥက္ကဌတို့ကို တင်ပြပြီးပြီလေ၊ ဥက္ကဌကြီး လက်မှတ်ထိုးပြီး သမ္မတကြီးဆီ ပို့လိုက်ပြီ၊ အဲ့လိုမဖြေရှင်းရင် ထောင်သားတွေ တအားကြပ် နေရထိုင်ရတွေခက်၊ အိပ်တာတောင်မှ တစောင်းအိပ်နေရတယ်၊ ပက်လက်အိပ်လို့ မရဘူး၊ ၀င်ဆံ့တဲ့အင်အားထက် ရာခိုင်နှုန်း ၄၀ ကျော်လောက် ပိုများနေတယ်လေ၊ ဆိုးတယ်ပေါ့နော်၊ ကျန်းမာရေးအရလည်း တစ်ယောက်ချောင်းဆိုး၊ အကုန်လုံးဆိုး၊ တစ်ယောက်ဝမ်းလျော အကုန်လျောပေါ့နော်၊ အဲ့လိုဟာမျိုးတွေ ဖြစ်မှာစိုးတဲ့ အတွက်ကြောင့်၊ တော်တော် ကြပ်နေတာပေါ့နော်၊ ပက်လက်လှန်လို့ရှိရင် ပခုံးချင်းထိပြီးတော့၊ တချို့အကျဉ်းထောင်ကျတော့ ပက်လက်တောင် လှန်လို့ မရဘူး၊ အဲ့လိုဖြစ်နေတယ်၊ ဒုက္ခတော်တော်ရောက်နေတာပေါ့၊ အဲဒါကို လျှော့ချလိုက်မှဖြစ်မယ်"

လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေဟာ ထောင်ပေါင်း ၃၀ ကို သွားရောက်လေ့လာခဲ့ပြီးနောက် အဲဒီအစီရင်ခံစာ ကို ရေးသားခဲ့တာဖြစ်ပြီး အဲဒီထောင်ပေါင်း ၃၀ မှာ အကျဉ်းသား ၃ သောင်းကျော်သာ ဆံ့ပေမယ့် လက်ရှိမှာ အကျဉ်းသား ၄ သောင်းနဲ့ အချုပ်သား ၁ သောင်းကျော် နေထိုင်နေရတာဖြစ်တယ်လို့  ဦးယုလွင်အောင်က ပြောပါတယ်။

မူးယစ်ဆေးဝါးအမှုတွေနဲ့ အချုပ်ကျနေသူတွေ၊ အကျဉ်းကျနေသူတွေဟာ အကျဉ်းသားဦးရေ စုစုပေါင်းရဲ့ ၄၆ ရာခိုင်နှုန်းလောက် ဖြစ်နေတာကြောင့် သူတို့ရဲ့ အတိုင်းအတာ ပမာဏပေါ်မူတည်ပြီး ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့၊ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး အလွန်အမင်းချို့တဲ့သူတွေကို လွတ်ငြိမ်းခွင့် စဉ်းစားပေးဖို့ အစီရင်ခံစာမှာ ရေးသားထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အကျဉ်းသားတစ်ဦး တစ်ရက်စားစရိတ်အတွက် အရင်က ကျပ် ၆၀၀ သတ်မှတ်ထားရာကနေ အခုနောက်ပိုင်း ၉၇၅ ကျပ် ပြောင်းလဲသတ်မှတ်လိုက်တာကြောင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သူတွေကို လျှော့ချတာဟာ နိုင်ငံတော်ဘတ်ဂျတ်ကို လျှော့ချရာရောက်ကြောင်းလည်း ဦးယုလွင်အောင်က ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့