မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့ တာမွေမြို့နယ်မှာ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြခဲ့သူတွေကို အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော် မရှင် အဖွဲ့ဝင်က ဒီနေ့ ပြောပါတယ်။
ဆန္ဒပြသူတွေက လူစုခွဲချိန်မှာ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲပြီး ဖမ်းဆီးတာဟာ လူ့အခွင့်အရေး ချိုးဖောက် ရာရောက်ကြောင်း ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက အမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ ဒီနေ့ တိုင်ကြားခဲ့တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် က သူတို့အနေနဲ့ လူအခွင့်အရေးချိုးဖောက်မှု ရှိ၊ မရှိကို စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။
"လူစုခွဲပြီးမှ ဖမ်းတယ်ဆိုရင်တော့ ဒါမလုပ်သင့်ဘူးပေါ့။ သို့သော် ဘယ်လိုအခြေအနေလဲဆိုတာ အန်ကယ်လည်း အဲနေရာမှာ ကိုယ်တိုင်ကြည့်နေတာမဟုတ်တော့ မသိဘူးပေါ့နော်။ တဘက်က စကားလည်း အန်ကယ်တို့က နားထောင်ရမှာကိုး။ ရဲကိုလည်း အန်ကယ်တို့ မေးရဦးမယ်၊ ဘယ်လိုဖြစ်တာလဲ။ ဟိုဘက်က တုံ့ပြန် ဆန္ဒပြတဲ့သူ ဘယ်သူတွေရှိလဲမသိဘူး အန်ကယ် မတွေ့ဘူးသေးဘူးပေါ့။ သူတို့နဲ့လည်း လေ့လာစုံစမ်းပြီးတော့ မေးရမယ်။ အားလုံးရဲ့စကားကို နားထောင်ပြီးမှ ဒါဟာ ဘယ်သူက လူ့အခွင့်အရေး ချိုးဖောက်သလဲဆိုတာ စဉ်းစားရမယ်။ ခု သူတို့ပြောတဲ့စကားအရတော့ သူတို့က ရိုးရိုးသားသား ဆန္ဒပြတယ်။ ပြီးရင် တန်းဖြုတ်တယ်၊ ဖြုတ်ပြီးကာမှ ဝင်ဖမ်းတယ်။ ဒါဆိုရင်တော့ မှားတာပေါ့။ သို့သော် အဲတိုင်းရော ဟုတ်ရောဟုတ်လား၊ ပြောလို့မရဘူးလေ။ ဒါက တဘက်သော စကားပဲ ရှိသေးတာကိုး။ ပြတဲ့ ဗီဒီယိုတွေ သေချာ အသေးစိတ်ကြည့်၊ အကုန်လုံး ဘက်ပေါင်းစုံက လူတွေရဲ့စကားတွေကို နားထောင်၊ စာရွက်စာတမ်းတွေ အကုန်ကြည့်ပြီးတော့မှ ဒါဟာ မှားတယ်၊ မှန်တယ်၊ ဘယ်သူတွေက လူ့အခွင့်အရေး ချိုးဖောက်တာလဲ အဲကျတော့မှ အန်ကယ်တို့ ပြောလို့ရမယ်"
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ စုံစမ်းမှုတွေ ပြုလုပ်ပြီး စစ်ဆေးတေ့ွရှိချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တိုင်းရဲတပ်ဖွဲ့ထံ အကြောင်းကြားစာပေးပို့သွားမယ်လို့လည်း ပြောပါတယ်။
အဲဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေထဲက ကိုဇေယျာလွင်၊ ကိုမြတ်ကျော်၊ မခင်စန္ဒာ၊ ကိုတင်ထွတ်ပိုင် စတဲ့ ၈ဦးကို ဖမ်းဆီးပြီး ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ အမှုဖွင့်ကာ အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။ ဒါ့အပြင် ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ မောင်ဆောင်းခ၊ မရှားယမုံ၊ ကိုသက်ဆွေဝင်း၊ ကိုမိုးဃ်သွေး၊ မသဉ္ဇာရွှန်းလဲ့ရည် စတဲ့ ၉ဦးကိုလည်း ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ ဗဟန်းမြို့နယ်ရဲစခန်းက အမှုဖွင့်လိုက်ပါတယ်။
