၂၀၂၄ ခုနှစ်အတွင်း မြို့နယ် ရှစ်ဆယ်ကျော် အင်တာနက် ဖြတ်တောက်ခံရ

RFA Burmese
2025.01.08
၂၀၂၄ ခုနှစ်အတွင်း မြို့နယ် ရှစ်ဆယ်ကျော် အင်တာနက် ဖြတ်တောက်ခံရ မိုဘိုင်းလ်ဖုန်းဖြင့် လူမှုကွန်ရက်သုံးစွဲနိုင်ရန် ကြိုးပမ်းနေသူတစ်ဦးအား ၂ဝ၂၁ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။
AFP Photo

၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း ၈၂ မြို့နယ်မှာ အင်တာနက် ဖြတ်တောက်မှု အကြိမ် ၁၃၀ ကျော် ကြုံတွေ့ခဲ့ရကြောင်း ဒီဂျစ်တယ် လွတ်လပ်ခွင့်ဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်နေတဲ့ Myanmar Internet Project က ဇန်နဝါရီလ ၇ ရက်နေ့ ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ပဲခူး၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းနဲ့ မွန်၊ ရှမ်း၊ ရခိုင်၊ ချင်း၊ ကချင်၊ ကရင်ပြည်နယ်က မြို့နယ်တွေမှာ အင်တာနက် ဖြတ်တောက်ခံရတာလို့ ဆိုပါတယ်။

စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ မြို့နယ်အများစုမှာ အခုလို အင်တာနက်တွေ ဖြတ်တောက် ခံရတာတွေ တွေ့ရတယ်လို့ ဖော်ပြပါတယ်။

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီက ဗီပီအဲန် (VPN) ကို ပိတ်ပင်ခဲ့တဲ့အပြင် အသုံးပြုသူတွေကို စစ်ဆေးတွေ့ရှိရင် ဖမ်းဆီးငွေတောင်းခံတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အွန်လိုင်းပေါ်က ပြောဆိုရေးသားမှုတွေကြောင့် ဖမ်းဆီးခံရသူ အရေအတွက်ဟာလည်း ၂၀၂၄ ခုနှစ်မှာ ၃၇၄ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီအစီအရင်ခံစာနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွေမှာ နေထိုင်တဲ့လူထုဟာ အွန်လိုင်းအသုံးပြုမှုတွေကို စောင့်ကြည့်ခံနေရပြီး စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေမှာတော့ လူထုဟာ အင်တာနက်နဲ့ ဆက်သွယ်ရေး ဖြတ်တောက်မှုဒဏ်ကို အပြင်းအထန် ကြုံတွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။