မိုဘိုင်းဆက်သွယ်ရေး ဖြတ်တောက်ခံရတဲ့မြို့နယ် ကိုးဆယ်နီးပါးရှိနေ

RFA Burmese
2024.05.10
မိုဘိုင်းဆက်သွယ်ရေး ဖြတ်တောက်ခံရတဲ့မြို့နယ် ကိုးဆယ်နီးပါးရှိနေ မိုဘိုင်းဖုန်း သုံးစွဲနေသူတစ်ဦးအား တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ မတ်လအထိ နိုင်ငံတစ်ဝန်း ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ မြို့နယ်ပေါင်း ကိုးဆယ်နီးပါးရှိနေတယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားနေတဲ့အသံအဖွဲ့ရဲ့ မေလ ၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအထဲမှာ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်မှာ အများဆုံး ဖြတ်တောက်ခံထားရတယ်လို့ ဆိုပါတယ်။

အင်တာနက်နဲ့ ဖုန်းလိုင်းဖြတ်တောက်ခံထားတဲ့ မြို့နယ်တွေဟာ စစ်ကိုင်းတိုင်းမှာ ၂၇ မြို့နယ်၊ ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်၊ ရှမ်းပြည်နယ်မှာ ကိုးမြို့နယ်၊ ကချင်ပြည်နယ်မှာ ရှစ်မြို့နယ်၊ ချင်းပြည်နယ်မှာ ခုနစ်မြို့နယ်၊ ကယားပြည်နယ်မှာ ငါးမြို့နယ်၊ မကွေးနဲ့ တနင်္သာရီတိုင်းမှာ လေးမြို့နယ်စီ၊ ပဲခူးတိုင်းမှာ သုံးမြို့နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ တစ်မြို့နယ်စီ၊ စုစုပေါင်း ၈၇ မြို့နယ် ရှိနေတယ်လို့ အသံအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ဒေသတွေမှာ စစ်ကောင်စီက ဖြတ်လေးဖြတ် ဗျူဟာကိုကျင့်သုံးပြီး ဒေသခံတွေ သတင်းအချက်အလက် စီးဆင်းမှုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ချိတ်ဆက်မှုဖြတ်တောက်နိုင်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်နေတယ်လို့ အသံအဖွဲ့က ပြောပါတယ်။

ဒါ့အပြင် ဆက်သွယ်ရေးတာဝါတိုင်တွေ လည်ပတ်နိုင်ဖို့ စက်သုံးဆီ ပြတ်လတ်တာကြောင့်လည်း ဖုန်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်တာတွေ ရှိတယ်လို့ဆိုပါတယ်။

လက်နက်ကိုင်ခုခံမှုတွေ အားကောင်းနေတဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက ဆက်သွယ်ရေးတွေ ဖြတ်တောက်ထားတာကြောင့် သတင်းအချက်အလက်စီးဆင်းမှု အခက်အခဲတွေရှိနေတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ခံ မဖူးပွင့်ဝေက RFA ကို ပြောပါတယ်။

“စစ်ကိုင်းတိုင်းမှာ သပိတ်အင်အားစု တော်တော်ရှိတယ်။ ကျွန်တော်တို့အနေနဲ့လည်း အင်တာနက်မရတဲ့ဆီမှာ သပိတ်တွေထွက်တဲ့အခါ စစ်အာဏာရှင်ကို တွန်းလှန်နေတယ်ဆိုတာ နိုင်ငံတကာကိုပြသဖို့ အတော်ခက်ခဲတယ်။ စစ်ရှောင်စခန်း တစ်ခုနဲ့တစ်ခု ဆက်သွယ်ရေးမှာ ဖုန်းလိုင်းမရတဲ့ဒေသတွေဆိုရင် အတော်ခက်ခဲတယ်။ ဒီအကျပ်အတည်းတွေထဲက ကျွန်တော်တို့ကတော့ မရရအောင် လှုပ်ရှားနေတယ်။ ဘယ်လောက်ထိပဲ ဖြတ်တောက်မှုတွေ၊ ခက်ခဲမှုတွေကို ဘယ်လောက်ပဲ ဖန်တီးပါစေ၊ ကျွန်တော်တို့ ရအောင် ရှေ့ဆက်သွားမယ်”

ဆက်သွယ်ရေးဖြတ်တောက်ခံထားရတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာလည်း ပြီးခဲ့တဲ့ မတ်လကုန် ရက်ပိုင်းအတွင်း ဖုန်းလိုင်း ပြတ်တောက်ခဲ့တာကြောင့် သတင်းအချက်အလက်သိရဖို့ ခက်ခဲတယ်လို့ မြောက်ဦး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဖုန်းလိုင်းက အဆင်မပြေတဲ့အခါ တစ်ခါတလေ လေယာဥ်တွေ ပျံတဲ့အခါကျရင် စိုးရိမ်ရတဲ့အခြေအနေတွေ ရှိတယ်။ ဘယ်နေရာမှာများ ချမလဲဆိုပြီး စိုးရိမ်တယ်။ ပစ်တဲ့အသံတွေ ကြားတဲ့အခါ ဖုန်းလိုင်းက မရတဲ့အချိန်၊ ဖုန်းဆက်မေးလို့ မရတဲ့အခါမှာ စိုးရိမ်မှုတွေ အများကြီးရှိတယ်။ သတင်းတွေကလည်း ဘာမှမသိရဘူး။ အင်တာနက်လိုင်း ရတဲ့အခါတုန်းက ဘယ်နားမှာ ဘာဖြစ်တယ်ဆိုတဲ့ သတင်းမျိုးရပေမဲ့ အခု အင်တာနက်လိုင်းမရတဲ့အခါ ဘာသတင်းမှမရဘူး။ ပြီးတော့ ဖုန်းလိုင်းကလည်း သိပ်မကောင်းဘူး။ တချို့နေရာတွေမှာ ဖုန်းလိုင်းမရတာတွေ ရှိသေးတယ်”

ဒါ့အပြင် အင်တာနက်လိုင်းကိုအခြေခံပြီး လုပ်ရတဲ့ဘဏ်လုပ်ငန်းတွေ ရပ်ဆိုင်းထားရပြီး ငွေလွှဲလုပ်ငန်း ဝန်ဆောင်မှုပေးတဲ့သူအချို့က ရာခိုင်နှုန်းများစွာ အခကြေးငွေယူပြီး ငွေလွှဲလုပ်ငန်းတွေ လုပ်ဆောင်နေရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်က အချို့မြို့နယ်တွေမှာ MPT နဲ့ Mytel ဖုန်းလိုင်းအချို့ အသုံးပြုလို့ရပေမဲ့ မိုဘိုင်းအင်တာနက်ကိုတော့ အသုံးပြုလို့ မရဘူးလို့ ပြောပါတယ်။

မိုဘိုင်းဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။