နယ်စပ်ဒေသမှာ တရားမဝင် ကုန်သွယ်မှုများလာတယ်လို့တင်ပြ
2016.08.17

Mobile Team လို့ခေါ်တဲ့ တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ဖျက်သိမ်းပြီးနောက်ပိုင်း နယ်စပ်ဒေသတွေမှာ တရားမဝင် ကုန်သွယ်မှုတွေ များလာတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ဒီကနေ့အမျိုးသားလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
ဒီကိစ္စနဲ့ဆက်စပ်ပြီး ပြောကြားရာမှာ ပြည်နယ်နဲ့ တိုင်း ၆ ခုမှာ တရားမဝင် ကုန်စည်စီးဆင်းမှု တားဆီးရေးစီမံချက်ကို အကောင်အထည် ဖော်ဖို့ စီစဉ်နေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာသန်းမြင့် က ပြောပါတယ်။
"လက်ရှိအခြေအနေတွင် နယ်စပ်ဒေသများတွင် တရားမဝင် ကုန်ပစ္စည်းဝင်ရောက်မှုများနဲ့ ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရများမှ ဒေသအတွင်း သီးခြားဖွဲ့စည်း၍ တားဆီးဆောင်ရွက်မှု များရှိပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနမှလည်း ကုန်သွယ်မှုလမ်းကြောင်းများ တလျှောက် တရားမဝင် ကုန်စည်သယ်ဆောင်မှုများ တားဆီးမှုကို ရေရှည်နဲ့ ကာလတိုလုပ်ငန်းများ နှစ်ရပ် ချမှတ်၍ ဆောင်ရွက်သွားနေပါတယ်"
နယ်စပ်ဒေသက တရားမဝင် ကုန်သွယ်မှုတွေ များလာတာဟာ မသမာတဲ့ ကုန်သည်တွေနဲ့ အကျင့်ပျက် ဝန်ထမ်းတွေကြောင့် ဖြစ်တယ်လို့လည်း ဝန်ကြီး ဒေါက်တာသန်းမြင့် က ပြောပါတယ်။
တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ Mobile Team အဖွဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ ၂၀၁၂ကနေ ၂၀၁၅ ခုနှစ်အထိ အကောက်ခွန်မဲ့ ပစ္စည်း ငွေကျပ်သန်းပေါင်း ၅ သောင်းကျော်ဖိုး သိမ်းဆည်းခဲ့ပြီး စားသုံးဖို့ မသင့်တဲ့ ကုန်ပစ္စည်းတန်ဖိုး ကျပ်သန်း ၂၅၀၀ ကျော် ဖျက်ဆီးနိုင်ခဲ့ပါတယ်။